ဧရာ၀တီတိုင်းမ်
မေ ၂၉ ရက်
စစ်ကောင်စီသည် လုံခြုံရေးအရဟုဆိုကာ ပြည်နယ် အလိုက် အရပ်ဘက်ဌာနဆိုင်ရာရုံးရှိ ဦးစီးအရာရှိအဆင့်များကို စိစစ်၍လက်နက်ထုတ်ပေးသွားမည်ဟု တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
အရပ်ဘက်ဌာနဆိုင်ရာရုံးများရှိ ဦးစီးအရာရှိအဆင့် ၃၀ နီးပါးကို လက်နက်ကိုင်ဆောင်ခွင့်ပြုသွားမည်ဖြစ်ပြီး ယခုလကုန်တွင် လက်နက်များချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ခုလကုန်ပြီးတာနဲ့ ချပေးသွားမယ်လို့သိရတယ်။ လက်ရှိ PDF ရန်ကိုရင်ဆိုင်နေရတဲ့ နေရာတွေကို ဦး စားပေးလုပ်ပေးသွားမှာပေါ့။ မွန်ပြည်နယ်ကိုအရင်ချပေးမှာပါ။ အဓိကဦးစီးအရာရှိအဆင့်တွေကိုပဲ ထုတ်ပေးမှာ။ လုံခြုံရေးအရလျှောက်တဲ့သူတွေရော၊ ပေး ကိုင်သင့်တဲ့သူတွေကို ပေးတာမျိုးပေါ့။ ဦးစီးအရာရှိကိုတောင် အကုန်လုံးမပေးဘူး”ဟု တပ်တွင်းသတင်း ရင်းမြစ်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယခုကဲ့သို့ သေနတ်ကိုင်ဆောင်ခွင့်ကို ပါမစ်ဖြင့်ထုတ်ပေးခြင်းဖြစ်ပြီး ပစ္စတိုလက်နက်အမျိုးအစားများဖြစ်ပြီး လက်ရှိတွင် စစ်တပ်မှချမပေးသေးဘဲ သက်ဆိုင်ရာ တပ်ရင်းများတွင် သိမ်းဆည်းထားကြောင်း သိရသည်။
စစ်ကောင်စီသည် ဇန်နဝါရီလ ၃၁ ရက်နေ့က သာမန်အရပ်သားများအပါအ၀င် နိုင်ငံ့၀န်ထမ်းများပါ လက် နက်ကိုင်ဆောင်ခွင့်နှင့် ကိုင်ဆောင်ခွင့်လိုင်စင်ထုတ် ပေးရန် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သေးသည်။
ထုတ်ပြန်ချက်တွင် အရပ်သားများကို လိုင်စင်ဖြင့်ကိုင်ဆောင်ခွင့်ပြုပြီး နိုင်ငံ့၀န်ထမ်းများကမူ ပါမစ်ဖြင့် ကိုင်ဆောင်ရမည်ဖြစ်ပြီး အစိုးရပိုင်အဖြစ် မှတ်ပုံတင် ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသို့ထုတ်ပြန်ကြေညာပြီးနောက် နိုင်ငံ့၀န်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့် စစ်ကောင်စီနှင့်နီးစပ်သူများမှ သေနတ်ကိုင် ဆောင်ခွင့်လျှောက်ထားသူများပြားခဲ့ကြောင်း သိရ သည်။
လျှောက်ထားသူများထဲမှ ဦးစီးအရာရှိအနည်း အကျဉ်းကိုသာ စစ်ကောင်စီမှ စိစစ်ထုတ်ပေးခဲ့ပြီး အောက်ခြေ၀န်ထမ်းများကိုမူ ထုတ်ပေးခြင်းမရှိဟု ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်အားပေးထောက်ခံသူ အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင်ဆိုသူအသတ်ခံရပြီးနောက် အမျိုးသားရေးသမားများနှင့် မဘသအဖွဲ့၀င်များမှ လက်နက်ထုတ်ပေး၍ ပြည်သူ့စစ် အဖြစ်ဖွဲ့စည်းပေးရန် တောင်းဆိုမှုများလည်း ရှိလာခဲ့သည်။
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ PDF အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြောင့် အစိုးရ၀န်ထမ်း၊ အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်ထောက်ခံသူ ငါးထောင်ကျော်သေဆုံးပြီး ဒဏ်ရာရရှိသူ လေးထောင်ကျော်ရှိကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ သိရသည်။
#စစ်ကောင်စီ #အရာရှိများ #လက်နက် #ကိုင်ဆောင်ခွင့် #Ayeyarwaddy_Times