နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ) /မေလ၂၉ရက်

ကရင်ပြည်နယ် ၊ KNU တပ်မဟာ (၅ )နယ်မြေ၊ ဝါးဒူးနှင့်လယ်ကွဲအကြားတွင် လမ်းကင်းယူထားသည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF (၁၀၁၃) တပ်ကို KNLA၊ KNU၊ PDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ရာ BGF တပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

နယ်မြေကျူးကျော်ဝင်ရောက်ကာ လမ်းကင်း ယူထားသည့် BGF တပ်ကို ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်က ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်မျိုးစုံ ခြောက်လက် ၊ ခဲယမ်းကျည်ဆံအချို့နှင့် ယူနီဖောင်းများကိုပါ ထပ်မံသိမ်းဆည်းရ ခဲ့ကြောင်း ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

“နယ်မြေ ကျူးကျော်ဝင်ရောက်လာတဲ့ BGF တွေ လမ်းကင်း ယူနေတုန်း အလစ်အငိုက်ဝင်တိုက်ခဲ့တာပါ။ BGF ဘက်က ငါး ယောက်သေပြီး သူတို့ ကိုင်ဆောင် ထားတဲ့ M-16 AR လေးလက်၊ M-79 တစ်လက် ၊ 9-MM ပစ္စတို တစ်လက်နဲ့ အတူ အသုံးပြုတဲ့ကျည်ဆံတွေပါ သိမ်းဆည်းနိုင်ခဲ့တယ်” ဟု KNU တပ်မဟာ (၅) နယ်မြေရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

KNU တပ်မဟာ (၅) နယ်မြေ မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ် နှင့် BGF ပူးပေါင်းအဖွဲ့များသည် နယ်မြေကျူးကျော်ခြင်းများ ပြုလုပ်နေ၍ မေလ တတိယပတ်မှ စတင်ကာ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီ ၊ BGF ပူးပေါင်း အဖွဲ့များ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ထံကသိရသည်။

စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်များသည် ကရင်ပြည်နယ် KNU တပ်မဟာ (၆)နယ်မြေ ၊ KNU တပ်မဟာ (၅)နယ်မြေနှင့် KNU တပ်မဟာ (၁)နယ်မြေများ တွင် ထိုးစစ်ဆင်မှု့တွေ ပြုလုပ်နေ၍ မေလ (၂၃)ရက်နေ့တွင် KNDO ၊ KNLA ၊ KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း သုံးခုအား တပြိုင်းထဲ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်ရင်းမြစ်များ ထံက သိရသည်။

ဓာတ်ပုံ-ကေအဲန်ယူမူတြော်ခရိုင်
#ကရင်ပြည်နယ် #KNUတပ်မဟာ၅နယ်မြေ #BGFတပ် #တိုက်ခိုက်ခံရ #၅ဦးသေ
#Ayeyarwaddy_Times