ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မေလ ၂၉ ရက်
တနင်္သာရီတိုင်း အတွင်းရှိ စစ်ဘေးရှောင်များသည် မိုးရာသီကာလအတွင်း စားသောက်ကုန်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများထံက သိရသည်။
တင်္နသာရီတိုင်းတွင် ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ရှောင်ဦးရေ လျော့ကျသွားသော်လည်း အခုလက်ရှိ တွင် လူဦးရေ တစ်သောင်းခွဲ ခန့်သည် စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး အများစုမှာ တောထဲတွင် တဲထိုးနေထိုင်နေကြရကာ အချို့စစ်ရှောင်များသည် နီးစပ်ရာ အမျိုးများထံတွင် နေထိုင်နေရသည်။
ထို့ အပြင် စစ်ကောင်စီက စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်ခြင်းကြောင့် ကုန်ဈေးနှုန်းကြီး မြင့်သည့် ဒဏ်ကိုလည်း စစ်ရှောင်များ ခံစားနေရသည်ဟု စစ်ရှောင်များကိုကူညီပေးနေသူများက ဧရာဝတီတိုင်မ်းကို ပြောသည်။
” အခုက မိုးတွင်းရောက်နေပြီဆိုတော့ ဆေးဝါးလိုအပ်ချက်တွေ အများကြီးရှိပါတယ်။ပြီးတော့ကျနော်တို့အဖွဲ့တွေကူညီပေးနေတဲ့စစ်ရှောင်စခန်းမှာဆိုအသက်ကြီးပိုင်းတွေအတွက် ဆီးချို သွေးတိုး ဆေးတွေအပြင် အရေပြားယားယံ လိမ်းဆေး၊ ဒဏ်ကြေလိမ်းဆေးတွေပါ လိုအပ်ပါတယ်။လက်ရှိမှာတော့ ရာသီပေါ်တုတ်ကွေးဖြစ်တာက ပိုများနေတယ်” ဟု စစ်ရှောင်များကိုကူညီပေးနေသူ လောင်းလုံးမြို့တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
တင်္နသာရီတိုင်းအတွင်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား မကြာခဏဆိုသလို တိုက်ပွါးများဖြစ်ပွါးနေသောကြောင့် အစစ်အဆေးတင်းကျပ်လာသလို ကန့်သတ်မှု များကိုလည်း ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။
ဒေသတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့၏ အချက်အလက်များအရ ဧပြီလကုန်အထိ တင်္နသာရီတိုင်းအတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် စစ်ရှောင်စုစုပေါင်း သုံး သောင်းဝန်းကျင်ရှိကြောင်းသိရကာ မေလအတွင်း စစ်ရှောင် တစ်သောင်းငါးထောင်ခန့် လျော့ကြသွားခဲ့ကြောင်း သိရသည်။
လက်ရှိ တွင် လောင်းလုံးမြို့နယ်တွင် စစ်ရှောင် အိမ်ထောင်စု ၅၀၀ ခန့်ရှိကာ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ခန့် ရှိနေပြီး တနင်္သာရီ မြိုနယ်တွင် စစ်ရှောင် ၅၀၀၀ ခန့်နှင့် ပုလောမြို့တွင် စစ်ရှောင် ၂၆၀၀ ဝန်းကျင်အထိရှိနေကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့ကပြောသည်။
” လောင်းလုံးမြို့နယ်ထဲကအောက်ကျောက်ဝပ်နဲ ညောပြင်ကျေးရွာတွေကို ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီ တပ်တွေက စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် ဒေသခံ ငါးထောင်လောက် စစ်ရှောင်နေရတယ်။ သရက်ချောင်း နဲ့ ကော့ သောင်းမြို့နယ်တွေမှာတော့ ပြီးခဲ့တဲ့လက စစ်ရှောင်ခဲ့ရသူတွေရှိနေပေမဲ့ အခုလမှာ စစ်ရေးငြိမ်သက်နေတာကြောင့် နေရပ်ပြန်သွားကြ လို့ စစ်ရှောင်မရှိတော့ဘူး” ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေဖြူမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့သဖြင့် စစ်ရှောင်များ ရှိခဲ့သော်လည်း ယခုအခါ တိုက်ပွဲများငြိမ်သက်နေသောကြောင့် ဒေသခံစစ်ရှောင်များ နေရပ်သို့ ပြန်လည်နေထိုင်နေကြောင်း ကူညီပေးနေသူများက ဆိုသည်။
ဓာတ်ပုံ —ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့
#တနင်္သာရီတိုင်းအတွင်းရှိ #စစ်ရှောင်များအတွက်
#စားသောက်ကုန်နှင့် #ဆေးဝါးအကူညီများလိုအပ်နေ
#Ayeyarwaddy_Times