ဧရာဝတီတိုင်းမ်
မေလ ၂၈ ရက်

ဧရာ၀တီတိုင်း သာပေါင်းမြို့နယ် မှာ စိုက်ဘဏ်ချေးငွေ ပေးဖို့ကျန်နေတဲ့ တောင်သူတွေကိုမေလ ၂၈ ရက်နေ့က မြို့နယ်စစ်ကောင်စီက ခေါ်ယူပြီး ချေးငွေတွေကို အမြန်ဆုံးပြန်ဆပ်ဖို့လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ဗိုလ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လဝကဦးစီးအရာရှိပါဝင်တဲ့အဖွဲ့က ချေးငွေ မပေးနိုင်သေးတဲ့ ကျေးရွာတွေ အုပ်စုတစ်စုကို ဒေသခံ တောင်သူ ၈ ဦးကို ခေါ်ယူပြီး ခြိမ်းခြောက်တာတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

“သာပေါင်းမြို့နယ် ပြည်အေးခန်းမမှာ စစ်တပ်က ဗိုလ်မှူးနဲ့ ရဲမှူးတွေနဲ့ စိုက်ဘဏ်ချေးငွေကို ၂၀၂၃ ဖေဖေဝါရီလအတွင်းကုန်ပြန်ဆပ်ပါ့မယ်ဆိုပြီး ကတိပြုလက်မှတ်ထိုးခိုင်းတာ။ မဆပ်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တယ်ပုံစံ(၇)သိမ်းပြီး မြေကိုလေလံ ပစ်မယ်လို့လဲပြောတယ်”လို့ တောင်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

သာပေါင်းမြို့နယ် ကျေးရွာအုပ်စု ၅ အုပ်စုကကြွေးဆပ်ဖို့ကျန်တဲ့ တောင်သူတွေကိုတစ်အုပ်စုကိုကိုယ်စားပြုတောင်သူ ၈ ဦးကိုခေါ်တွေ့ခဲ့တာဖြစ်ပြီး စိုက်ဘဏ် ချေးငွေကျန်တဲ့ တောင်သူတွေကို တာ၀န်ယူကာတောင်းခံပေးရမယ်လို့ ၀န်ခံလက်မှတ်ထိုးပေးခဲ့ရတယ်လို့သိရပါတယ်။

“လယ်သိမ်းလဲခံရမယ် လူကိုလဲအရေးယူမယ်ဆိုတော့လဲ ကြံဖန်ပြီးဆပ်ရတော့မှာပေါ့။ တစ်ချို့တွေက ရှာကြံချေးဌားပြီးဆပ်နေကြတော့ ဘာတတ်နိုင်မလဲ၊ ကုန်ဈေးနူန်းတွေတက်၊ ဆီဈေးတွေကကြီး၊အထွက်နူန်းကျ နဲ့ ဘာမှ မကျန်လို့လဲမဆပ်နိုင်လို့ ပြောလဲအဖမ်းခံရဖို့ပဲရှိတယ်လို့ သာပေါင်းမြို့နယ်က ဒေသခံလယ်သမားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ ခေါ်ယူခြိမ်းခြောက်ခံရတာကြောင့် စည်းဝေးတက်ရောက်လာတဲ့ တောင်သူများကတိပြုလက်မှတ်ထိုးပေးခဲ့ရပြီး တောင်သူ ၁၇ ဦးက တစ်ခါထဲ ချေးငွေကို ပြန်လည်ပေးဆပ်ခဲ့ကြတယ်လို့ သိရပါတယ်။

#သာပေါင်း #တောင်သူလယ်သမားများ #စစ်ကောင်စီတပ် #ခြိမ်းခြောက် #Ayeyarwaddy_Times