ဧရာဝတီတိုင်းမ်
မေလ ၂၈ ရက်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားကြရန် အပါအဝင် အချက် ၅ ချက်ကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) တို့အကြား သဘောတူညီမှုများ ရရှိခဲ့ကြောင်း ယနေ့ မေလ ၂၈ ရက်နေ့စွဲဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးတွဲ ထုတ်ပြန်ခဲ့သည်။
KIO နှင့် PSLF တို့သည် ပြီးခဲ့သည့် မေလ ၁၆ နှင့် ၁၇ ရက်က ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး အချက် ငါး ချက်ကို သဘောတူညီမှုများ ရရှိကာ အပြန်အလှန်နားလည်မှုရှိစွာဖြင့် ဆက်လက် ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်တော်လှန်ရေးအဖွဲ့(EROs) များဖြစ်ကြသည့် KIO နှင့် PSLF တို့ သဘောတူညီခဲ့ကြသည့် အချက် ငါး ချက်မှာ
-အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားကြရန်၊
-အမျိုးသား တန်းတူရေးအပေါ် အခြေခံပြီး အပြန်အလှန်လေးစားလျက် ရှေးယခင် အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန်၊
-အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထားဆောင်ရွက်ရန်၊
-မမျှော်လင့်သည့် အခက်အခဲများ ပေါ်ပေါက်လာပါက မှန်ကန်သော ဆုံးဖြတ်ချက်ရ ရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်း ဖြေရှင်းသွားကြရန် နှင့်
-ပဋိပက္ခမပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်တို့ ဖြစ်သည်ဟု ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် KIO နှင့် (ယခင်) PSLO- Palaung State Liberation Organization (ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့) တို့ နှစ်ဦးနှစ်ဖက်ကြား သဘော တူညီခဲ့ ကြသည့် ထာဝရမဟာမိတ်စာချုပ်ကို KIO နှင့် PSLF တို့မှ ဆက်လက်အသိအမှတ်ပြုပြီး ထိန်းသိမ်းအကောင်အထည်ဖော်သွားရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။
KIO နှင့် PSLF တို့သည် ဒေသခံများ ဖြစ်ကြသည့် ကချင်လူမျိုး၊ တအာင်း (ပလောင်) လူမျိုး၊ ရှမ်းလူမျိုး အပါအဝင် ဒေသတွင်းရှိ ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားကြရန် သဘောတူ ညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် နှစ်ဖက်အဖွဲ့သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကိစ္စများတွင် အပြန်အလှန် သတင်းဖလှယ်ရန်နှင့် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အသိအမှတ်ပြု အားပေးရန်အပါအဝင် အခြားလိုအပ်သည့် ကိစ္စများကိုလည်း လိုသလို ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – PSLF
#ကချင်ပြည်နယ် #မိုင်ဂျာယန်မြို့ #KIO #PSLF #အာဏာရှင်စနစ်ချုပ်ငြိမ်းရေး #သဘောတူညီ #Ayeyarwaddy_Times