ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မေလ ၂၈ ရက်)
စိတ်ဖိစီးမှုဆိုတာ လူငယ်တွေမှာလည်း ရှိပါတယ်။ ဒါကြောင့် နွေးထွေးကြင်နာစွာ ဆက်ဆံပေးဖို့၊ နားလည်မှုတွေပေးဖို့ ၊ ပညာပေးလမ်းညွှန်နဲ့ အသိပေးမှုတွေ လုပ်ဆောင်ပေးဖို့ဆိုတာ လူငယ်တွေအတွက်လည်း လိုအပ်ပါတယ်။
ကမ္ဘာပေါ်မှာ နေထိုင်တဲ့ သက်ရှိတိုင်းဟာ အပြောင်းအလဲ တစ်ခုခုနဲ့ကြုံရတဲ့အခါတိုင်း အခြေအနေကိုလိုက်ပြီး ဆီလျှော်စွာနေထိုင်ရင်း ရှင်သန်ဖို့ ရုန်းကန် ပြောင်းလဲရပါတယ်။ ဒါကြောင့် ကြီးကောင်ဝင်ချိန်(အပျို/လူပျိုဖော်ဝင်ချိန်)မှာ မှန်ကန်တဲ့ ထိန်းကျောင်းပေးမှု တွေ နဲ့ အသိပညာပေးမှုတွေ လိုအပ်ပါတယ်။
တည်ငြိမ်နေခဲ့တဲ့ မြန်မာနိုင်ငံအခြေအနေပေါ်မှာ ကောင်းကောင်းမွန်မွန် ရှင်သန် နေခဲ့ကြသူ ပြည်သူတွေဟာ အခုချိန်မှာတော့ ပြောင်းလဲသွားတဲ့ အခြေအနေဆိုးတွေကို ရင်ဆိုင် ကျော်ဖြတ်နေကြရပါတယ်။
စစ်အာဏာရှင် ဗိုလ်ချုပ် မင်းအောင်လှိုင်ရဲ့ ညံ့ဖျင်းတဲ့စီမံမှုတွေ ၊ လူမဆန် ယုတ်မာတဲ့ အကြမ်းဖက်မှုတွေကို အံတုရင်ဆိုင်နေရတဲ့ ပြည်သူတွေမှာ လူ့အရည်အသွေး (Quality of Life) ကို ပြသခွင့်မရဘဲ လူဖြစ်ရကျိုး နတ္ထိနဲ့ ဒုက္ခပင်လယ် ဝေနေကြရပါတယ်။
ဒါကြောင့် ကြီးကောင်ဝင်ချိန် (အပျို/လူပျိုဖော်ဝင်ချိန်) မှာ ကြုံတွေ့ရတဲ့ အပြောင်း အလဲတွေကိုပါ ရင်ဆိုင်နေရတဲ့ လူငယ်တွေရဲ့စိတ်ဖိစီးမှုတွေကို အလေးပေးဖြေရှင်းဖို့ လိုအပ်ပါတယ်။ ကလေးတွေဟာ အပျို/လူပျိုဖော်ဝင်ချိန်မှာ ကြီးထွားဖွံ့ဖြိုး လာတဲ့ ကိုယ်အင်္ဂါတွေကြောင့် စိတ်မသက်သာ ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ် အကြာင်း ကိုယ်တိုင်သိထားကြဖို့ လိုပါမယ်။
#မိန်းကလေးတွေမှာပျိုဖော်ဝင်တယ်ဆိုတာဘာလဲ
ပျိုဖော်ဝင်တယ်ဆိုတာ မိန်းကလေးငယ်အဖြစ်ကနေ အမျိုးသမီးလေး အဖြစ်ပြောင်းလဲတဲ့ သဘာဝဖြစ်စဉ်ပါ။ သားဥအိမ်ကနေသားဥကြွေပြီး သန္ဓေအောင်ခဲ့ရင် ကိုယ်ဝန်ဆောင် နိုင်ဖို့အတွက် သန္ဓေသားတည်မြဲဖို့ ခန္ဓာကိုယ်ကပြောင်းလဲဖွံ့ဖြိုး လာတဲ့ သဘာဝဖြစ်စဥ် တစ်ခုပါ။
ပျိုဖော်ဝင်တဲ့အမျိုးသမီးလေးဖြစ်လာပြီဆိုရင်…
-ရင်သားတွေကြီးထွားဖွံ့ဖြိုးလာမယ်။
-ချိုင်းဆီးခုံဆီးစပ်မှာအမွေးအမျှင်တွေထွက်လာမယ်။
-ဓမ္မတာရာသီသွေးစပေါ်လာတယ်။
-အဆီဂလင်းဖွံ့ဖြိုးလာတာ မိန်းမဟော်မုန်းတွေ အထွက်များလာတာကြောင့် အဆီပြန် ဝက်ခြံတင်းတိတ်တွေကြုံတွေ့ခံစားရပါမယ်။
-လိင်အင်္ဂါနဲ့အခြားအစိတ်အပိုင်းတွေဖွံ့ထွားတာတွေကြုံတွေ့ရပါမယ်။
#ရင်သားများကြီးထွားဖွံ့ဖြိုးခြင်း
ရင်သားဖွံဖြိုးလာတာကြောင့် ရင်သားစူထွက်လာတာ၊ တင်းတင်းကျပ်ကျပ် ဖြစ်လာတာက ကြောက်စရာ မဟုတ်ပါဘူး။ ဒါဟာ ပျိုဖော်ဝင်ရင် ပထမဆုံးစကြုံရတဲ့ အပြောင်းအလဲပါ။ ရှင်မီးအင်္ကျီ၊ ဘော်လီ၊ ဘရာစီယာ အပါအဝင် ရင်သားကပ်တိပ် တွေအထိ အသုံးအဆောင်တွေအကြောင်းကို နားလည်ထား ဖို့၊ သိထားဖို့ လိုလာပါပြီ။
ဆီးခုံမွေး ၊ ချိုင်းမွေး ပေါက်လာတာကိုလည်း စိုးရိမ်စိတ်မကြီးစေချင်ပါဘူး။ လူတိုင်း အမွေးရှိပါတယ်။ အမွေးပေါက်လာတာသည် ကလေးလေးတစ်ယောက် လူကြီးလေး ဖြစ်လာပြီ ဆိုတာကို ညွှန်ပြနေတာပါ။ ဒါဟာ ရှက်စရာမဟုတ်သလို အမျိုးသမီးတိုင်း ကြုံတွေ့ကျော်ဖြတ်ရမယ့်အရာတွေပါ။
ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို လက်ခံသဘောပေါက်ထားရပါမယ်။ အမွေးအမျှင်တွေ သန့်သန့်ရှင်းရှင်းဖြစ်အောင် ထိန်းသိမ်းခြင်းတွေ အပါအဝင် ကိုယ်ချွေးနံ့ ထိန်းသိမ်းခြင်း တွေအတွက်လည်း ပြင်ဆင်ရပါမယ်။ တကိုယ်ရည်သန့်ရှင်းရေး ပုံမှန်လုပ်ပြီး ကျန်းမာစေဖို့ကိုသာ ဂရုစိုက်ရပါမယ်။
ဓမ္မတာရာသီသွေးစပေါ်လာတယ်။ ပထမဆုံးအကြိမ်ရာသီသွေးဆင်း ဓမ္မတာပေါ်တာ ကြုံရရင်တော့ပျိုဖော်ဝင်ပြီလို့သတ်မှတ်လို့ရပါပြီ။ ဒါဟာ လစဥ်တစ်လ တစ်ခါဖြစ်ပါမယ်။ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာနဲ့ စိတ်တိုစိတ်ရှုပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေအားလုံးဟာ ဖြစ်ရိုးဖြစ်စဥ်တွေပဲမို့ စိတ်ညစ်စရာတစ်ခုလို သဘောထားလို့ မရပါဘူး။ ရာသီလာစဉ် ခံနိုင်ရည်ရှိပြီး သွေးအားမနည်းစေဖို့အတွက် အဟာရပြည့်ပြည့်ဝဝ စားရပါမယ်။
ရာသီလာစဥ်သုံးရမယ့်ပစ္စည်းလေးတွေဖြစ်တဲ့…
-လစဥ်သုံးဂွမ်းထုတ်(Pads)
-လစဥ်သုံးမိန်းမကိုယ်တွင်းထည့်ပစ္စည်း(Tampons)
-မိန်းမကိုယ်တွင်းထည့်ဆီလီကွန်ခွက်ငယ်(Menstrual Cup)
-မိန်းမကိုယ်တွင်းထည့်ဆီလီကွန်ပန်ကန်ပြားငယ် (menstrual Disc) စတာတွေ အကြောင်း လေ့လာပြီး အဆင်ပြေမယ့် နည်းလမ်းလေးကို ရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်။
သားဥကြွေချိန် ယောကျာ်းနဲ့လိင်ဆက်ဆံတဲ့အခါ အဖိုသုက်ကောင်နဲ့ အမသားဥလေးတွေ ပေါင်းစည်းပြီး သန္ဓေအောင်တဲ့မျိုးဥလေးဖြစ်သွားပါတယ်။ ဒီမျိုးဥလေးဆိုတာ ကလေးလေး ဖြစ်လာမယ့်သန္ဓေသားလောင်းပါ။ သူကသားအိမ်နံရံမှာ တွယ်ကပ်ပြီး အချင်းဖွဲ့စည်းကာ ကိုယ်ဝန်တည်ရမှာပါ။ ဒီလိုဖြစ်နိုင်အောင်လည်း ဟော်မုန်းတွေရဲ့ လှုံဆော်မှုနဲ့ အမျိုးသမီးတွေရဲ့သားအိမ်အတွင်း နံရံထူထူလေး ဖြစ်အောင် သဘာဝက လုပ်ပေးထားပါတယ်။
ဓမ္မတာရာသီလာတယ်ဆိုတာဟာ ကြွေလာတဲ့သားဥလေးတွေက အဖိုသုက်ကောင်နဲ့ ပေါင်းစည်းတာမျိုးမရှိဘဲ သန္ဓေအောင်ခြင်းကိစ္စမရှိခဲ့တဲ့အခါ ထူနေတဲ့သားအိမ် အတွင်းနံရံအလွှာကပြိုကျပြီး သွေးအသန့် (oxygenated blood) တွေနဲ့အတူတူ မိန်းမကိုယ်က သွေးဆင်းရာသီလာတာဖြစ်ပါတယ်။
ရာသီသွေးက ညစ်ပက်တယ် ၊ အပုပ်သွေးဆိုတာတွေသည် မဟုတ်ကြောင်း သဘောပေါက် လက်ခံထားရပါမယ်။ ရာသီလာတဲ့အခါကိုက်ခဲနာကျင်တယ်၊ အားမရှိ သလိုခံစားရတယ်၊ မောတယ်၊ ရင်တုန်တယ်ဆိုတာက မီးယပ်ရောဂါမဟုတ်ပါဘူး။ အမျိုးသမီးအများ စုခံစားကြရတဲ့ လက္ခဏာပါ။
ရာသီလာတဲ့အခါ ကိုက်ခဲနာကျင်တဲ့အခါ အကိုက်အခဲပျောက်ဆေး paracetamol လိုဆေးတွေ သောက်ကြပါတယ်။ Mefenamic Acid 500mg ကိုသောက်လို့ရပါတယ်။ သွေးအတုံးအခဲတွေပါရင် ဓမ္မတာများတယ်လိူ့ယူဆလို့ရပါတယ်။ သွေးအားနည်းတဲ့ အခါလူကဖြူဖျော့လာပါတယ်။ အားမရှိသလိုခံစားရတယ်မောတယ်ရင်တုန်တယ်။ သွေးဖောက်စစ်ဆေးကြည့်ရင် သွေးနီဥနဲ့ဟေမိုဂလိုဘင်နည်းနေပါမယ်။ သံဓာတ်ချို့တဲ့ လို့ဖြစ်တဲ့သွေးအားနည်း ရောဂါပါ။ အရွယ်ရောက်အမျိုးသမီးတွေမှာအဖြစ်များပါတယ်။
သွေးအားမနည်းစေဖို့အတွက် အသား၊ ငါး၊ ပဲ၊ ဥ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက် သစ်သီးတွေ စားဖို့လိုပါတယ်။ သွေးအားနည်းရင်လည်း စနစ်တကျကုသရပါမယ်။
ရာသီလာမှသာ နောက်တစ်ကြိမ်သားဥကြွေပြီး သန္ဓေအောင်ဖို့အခွင့်အလမ်း တစ်ခါထပ်ရစေမှာပါ။ ပုံမှန်သဘာဝတိုင်းလစဉ် အမြဲတမ်းပုံမှန်ရာသီလာနေကျ ဓမ္မတာ ပေါ်နေကြ မိန်းကလေးတယောက် ရုတ်တရက်ရာသီမလာတော့ရင် ကိုယ်ဝန် ရသွားတာဖြစ်နိုင်ပါတယ်။ အခြားဖြစ်နိုင်တာတွေလည်းရှိပါတယ်။ ရာသီမလာတဲ့ အမျိုးသမီးတွေကို မိန်းမယုတ်ဆိုပြီးပြောကြတာ အပါအဝင်အခြားခွဲခြား ဆက်ဆံတာ မျိုးတွေ မရှိသင့်ပါဘူး။ ရောဂါရှိရင်ရှာဖွေကုသရမှာပါ။
ရာသီလာချိန်မှာ…
-တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ရပါမယ်။
-ခေါင်းလျှော်ရင်မရူးပါဘူး၊ နေမကောင်းမဖြစ်ပါဘူး။
-အအေးမိအောင်အလွန်အကျွံတော့မလုပ်ပါနဲ့ဒါဆိုပြဿနာမရှိပါဘူး။
နောက် လူပျို/အပျိုဖော် ဝင်စအရွယ်တွေဟာ ဝက်ခြံတင်းတိတ်တွေ အရေပြားမှာပေါ် လာတာကြောင့် မလှတော့မှာ စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် ဝက်ခြံတင်းတိတ်လို အရေပြား ပြဿနာလေးတွေကလည်း ဟော်မုန်းအပြောင်းအလဲမှာ ကြုံတွေ့ ရလိမ့်မယ်လို့ ဆိုချင်ပါတယ်။ မျက်နှာနဲ့လက်တွေကို သန့်သန့်ရှင်းရှင်း ဖြစ်နေဖို့ မကြာမကြာဆေးပေးပါ။ နီးစပ်ရာဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။ လုံးဝ မသက်သာဘဲ သိပ်ဆိုးနေရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေး ရပါမယ်။
အုပ်ထိန်းသူတွေနဲ့ ကလေးတွေကို သင်ကြားပြသနေသူတွေဟာ Sex Education လို့ခေါ်တဲ့ မျိုးဆက်ပွားကျန်းမာရေးကို အရွယ်အလိုက် ငယ်စဉ် ကတည်းက ရှင်းပြပေးဖို့ လိုအပ်ပါတယ်။
-မိမိကိုယ်ကိုကာကွယ်ဖို့
-သူတစ်ပါးကိုလည်းလေးစားဖို့
-လိင်ပိုင်းဆိုင်ရာစော်ကားလာသမျှ ရင်ဆိုင်တုံ့ပြန်ဖို့
-မသိနားမလည်ခြင်းကို အခွင့်ကောင်းယူ မတော်မတရား အနိုင်ယူမခံရစေဖို့ တွေအတွက် အားလုံးမှာတာဝန်ရှိကြပါတယ်။
ကြီးကောင်ဝင်ချိန်(အပျို/လူပျိုဖော်ဝင်ချိန်)သူတွေမှာ….
-လူနေထူထပ်ခြင်း (Stress of crowding)
-သက်တောင့်သက်သာ နဲ့ စိတ်လုံခြုံမှုရတဲ့ ခိုလှုံရာမရှိခြင်း (Lack of Privacy)
-မျိုးဆက်ပွားကျန်းမာရေးအပါအဝင် မှန်ကန်တဲ့ကျန်းမာပညာပေးများ လက်လှမ်း မမီခြင်း (Lack of reproductive health and health education)
-စိတ်ပိုင်းဆိုင်ရာလုံခြုံနွေးထွေးမှုမရခြင်း (Lack of Psychosocial support) စတာတွေလည်း လက်တွေ့မှာ လိုအပ်နေကြပါတယ်။
များပြားလာတဲ့ ဘဝတူ လူတွေကြားမှာ အရွယ်ရောက်ပြီးလူတွေတောင်မှ နေထိုင်ရတာ ခက်ခဲပါတယ်။ ပဋိပက္ခကြုံတွေ့နေရတဲ့ ဒေသတွေမှာတော့ ဘဝတွေက မရေရာ မကြာခဏ ပြောင်းရွေ့ ပုန်းအောင်းနေကြရပါတယ်။ နေရာအသစ်တစ်ခု စတင်ရတိုင်း ပတ်ဝန်းကျင်အသစ်မှာအခြေကျဖို့ အပြောင်းလဲတွေနဲ့ ရင်ဆိုင်ရတာဟာ မလွယ်ကူလှပါဘူး။
ဒါကြောင့် သားငယ် သမီးငယ်တို့အနေနဲ့ ဆယ်ကျော်သက် ကြီးကောင် ဝင်ချိန်မှာ စတင်ကြုံတွေ့ရမယ့် ပြောင်းလဲမှုတွေအတွက် အကောင်းဆုံး ကျော်ဖြတ်နိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။
နောက်တစ်ပတ်မှာလည်း လူငယ်တွေ ရင်ဆိုင်နေရတဲ့ လူပျိုဖော်ဝင် ယောကျာ်း လေးများအတွက် အသိပညာပေးနိုင်မယ့် အရာတွေကို ဆက်လက်မျှဝေပေးသွားပါမယ်။
ကောင်းမွန်တဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်မှာ တန်းတူညီမျှ အခွင့်အရေးတွေရပြီး လူငယ်တို့ ကျန်းမာတဲ့ ဘဝတွေရရှိဖို့ မေတ္တာဆုတောင်းလိုက်ပါတယ်။
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများ ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ပျိုဖော်ဝင်ရွယ်မိန်းကလေးငယ် #သိကောင်းစရာ #စစ်ဘေးရှောင် #ဆောင်းပါး #Ayeyarwaddy_Times