ဧရာဝတီတိုင်းမ်
မေလ ၂၈ ရက်

ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့မှာ မေလ ၂၇ ရက်နေ့က CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီ တပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမှတ် ၆ ရပ်ကွက်မှာ နေထိုင်တဲ့ CDM ကျောင်းဆရာမတစ်ဦးကို အမျိုသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်သွယ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။

“နေ့လည် ၁၂ နာရီလောက်ကြီး ရာအိမ်မှူးတွေရော စစ်သားတွေရော ရဲတွေရော လမ်းထဲကို ဧည့်စာရင်းစစ်မယ်ဆိုပြီး၀င်ချလာတာ။ အဲ့ဆရာမလေးအိမ်ကိုပဲတန်း၀င်သွားပြီး လက်ထိပ်ခတ်ပြီးခေါ်သွားတာတွေ့တာပဲ။ CDMလုပ်ထားလို့ စောင့်ကြည့်နေပြီး အခွင့်ကြုံလို့အမှုဆင်ပြီးဖမ်းတာလို့ ထင်တာပဲ”လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

ဖမ်းဆီးခံရသူမှာ မသိမ့်သိမ့်စိုး ဆိုသူဖြစ်ပြီး ပညာရေး၀န်ထမ်း ကျောင်းဆရာမတစ်ဦးဖြစ်ကာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်ထားပြီး သူ့နေအိမ်မှာသာနေထိုင်နေသူဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မသိမ့်သိမ့်စိုးရဲ့ဖုန်းကိုစစ်ဆေးရာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကအမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာနက CDM မှာပါ၀င်ခဲ့သဖြင့် ရရှိတဲ့ ဂုဏ်ပြုမှတ်တမ်းဓါတ်ပုံကိုတွေ့တာကြောင့် ဖမ်းဆီးရတာလို့ ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ မသိမ့်သိမ့်စိုးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ အမှုဖွင့်ကာ ဘိုကလေးမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး မိသားစုနဲ့ တွေ့ဆုံခွင့်မရသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံ-ဖမ်းဆီးခံရသည့် CDM ကျောင်းဆရာမ
#ဘိုကလေးမြို့မှာ #CDMကျောင်းဆရာမတစ်ဦး #ဖမ်းဆီးခံရ
#Ayeyarwaddy_Times