နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ မေလ ၂၈ ရက်
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီ တပ်သားတွေက ဒေသခံပြည်သူတွေရဲ့ ဖုန်းထဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ဓာတ်ပုံတွေရင် အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီး တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မြို့နယ်တိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်က ရဲနဲ့ ပြည်သူစစ်တွေကိုခေါ်ကာ ညစဥ်ညတိုင်း ဧည့်စာရင်း စစ်တာတွေ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်လေ့ရှိပြီး လက်ကိုင်ဖုန်းတွေကိုပါ စစ်ဆေးကာ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေရင် ဖမ်းခေါ်သွားတာတွေပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
”ဧည့်စာရင်းစစ်နေတာတော့ကြာပြီ၊ ဟိုးအရင်ဧည့်စာရင်း စစ်တာက ဧည့်သည် ရှိရင် ဧည့်စားရင်းမတိုင်လို့အရေးယူတာ။ လူပို ရှိမရှိ အိမ်ထောင်စု စာရင်းတောင်းပြီးတိုက်ကြည့်စစ်ဆေးတာ။ ခုနောက်ပိုင်းက ဧည့်စားရင်စစ်တာအမည်တတ်ပြီး ဖုန်းတွေပါ ယူစစ်ဆေးတယ်။ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သတ်တဲ့သူတွေရဲ့ပုံတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေကအစ တွေ့တာနဲ့ ချက်ခြင်းဖမ်းဆီးသွားပြီး အကြမ်းဖက် ဥပဒေပုဒ်မ ၅၂ တပ်ပြီး တရားရုံးတင်တာ”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းအဖွဲ့က ညဥ့်နက်ပိုင်းမှ နေအိမ်တွေကို ဧည့်စာရင်းဝင်ရောက်စစ်ဆေးပြီး အိမ်မှာနံရံရှိတဲ့ ဓာတ်ပုံတွေကိုစစ်ဆေးသလို သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ တွေရင်း အမေးအမြန်းမရှိ ဖမ်းဆီးလေ့ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို နောက်တစ်နေ့မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နဲ့ တရားစွဲရုံးတင်တာတွေရှိသလို တချို့ကိုလည်း ငွေတောင်းယူပြီး ပြန်လွှတ်ပေးတာရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
#ဧရာဝတီတိုင်း #ဖုန်းထဲဒေါ်အောင်ဆန်းစုကြည် #ဓာတ်ပုံတွေရင် #အကြမ်းဖက်ဥပဒေနဲ့ဖမ်းဆီးနေ
#Ayeyarwaddy_Times