ဧရာ၀တီတိုင်းမ်
မေလ ၂၈ ရက်
အာဏာသိမ်း စစ်ကောင်စီက လေတပ်စစ်ဆင်ရေးဇုန်အဖြစ် မန္တလေးတိုင်း၊ တံတားဦးလေတပ်ကို အသုံးပြုနေရာမှ ဧပြီလကုန်ပိုင်းကစတင်ကာ နေပြည်တော် လေပတပ် (အေလာ) သို့ စစ်ဆင်ရေးဇုန် ပြောင်းရွှေ့ပြီး လေကြောင်းစစ်ဆင်ရေးများကို ညွန်ကြားမှုများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
စစ်ကောင်စီက လေကြောင်းစစ်ဆင်ရေးများကို ညွန်ကြားသည့် စစ်ဆင်ရေးဇုန်ကို ယခင်က ရန်ကုန်တိုင်းရှိ မှော်ဘီလေတပ်၌ ထားရှိခဲ့ပြီး မှော်ဘီလေတပ် ဖောက်ခွဲတိုက်ခိုက်ခံရချိန်တွင် မန္တလေးတိုင်းရှိ တံတားဦး လေတပ်သို့ စစ်ဆင်ရေးဇုန် ပြောင်းရွှေ့ခဲ့သည်။
တံတားဦးလေတပ်ကို တိုက်ခိုက်မည်ဟု တော်လှန်ရေးအင်အားစုများ၏ခြိမ်းခြောက်မှုများ ရရှိပြီးနောက် ဧပြီလကုန်ပိုင်းမှစတင်ကာ နေပြည်တော် (အေလာ) လေတပ်သို့ စစ်ဆင်ရေးဇုန်ပြောင်းရွှေ့ကာ တိုက်ခိုက်ရေး လေယာဉ်အုပ်စုများကို ကွပ်ကဲညွန်ကြားနေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
“အရင်က မှော်ဘီလေတပ်ကို စစ်ဆင်ရေးဇုန်အဖြစ် သတ်မှတ်ခဲ့တယ်။ မှော်ဘီမှာ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်တယ်။ အဲ့ ၂ ကြိမ်စလုံးမှာလည်း YAK 130 (ရုရှားထုတ် တိုက်လေယာဉ်) တွေ ဖောက်ခွဲခံလိုက်ရတော့
၂ခါလုံးက Yak 130 တွေပဲဖောက်ခွဲခံရတော့ စစ်ဆင်ရေးဇုန်ကို တံတားဦးကို ရွှေ့လိုက်တာ။ ဧပြီလကုန်ကနေ
နေပြည်တော် (အေလာ) ကို စစ်ဆင်ရေးဇုန်အဖြစ် ပြောင်းလဲလိုက်ပြီးတော့ နေပြည်တော်ကနေ လေကြောင်း စစ်ဆင်ရေးတွေကို ညွှန်ကြားနေတာ”ဟု နေပြည်တော်လေတပ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့အပါအဝင် မြန်မာနိုင်ငံ ဒေသအများအပြား၌ လူပေါင်းရာနှင့်ချီ၍ သေဆုံးဒဏ်ရာရစေခဲ့သည့် မြန်မာစစ်တပ်၏လေကြောင်းစစ်ဆင်ရေးများကို အဓိက အမိန့်ပေးနေသူမှာ ဒု ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အာဏာသိမ်းစစ်တပ်၏ ဒုတိယ စစ်ခေါင်းဆောင် ဖြစ်သလို တပ်မတော်၏ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ကာ စစ်ကောင်စီ၏ ဒုတိယ ဝန်ကြီးချုပ်လည်း ဖြစ်သည်။
စစ်ကောင်စီတပ်မှာ မြေပြင် တိုက်ပွဲများ၌ ထိခိုက်ကျဆုံးမှု များပြားခဲ့သဖြင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီက တော်လှန်ရေးအင်အားစုများအပေါ် လေကြောင်းကို အားပြု၍ ပစ်ကူပေးခြင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။
စစ်ကောင်စီ၏တပ်မတော်(လေ) လက်အောက်တွင် တံတားဦး၊ မှော်ဘီ၊ နေပြည်တော်၊ တောင်ငူ၊ မကွေး၊ ပုသိမ် အစရှိသည့်လေတပ်များမှ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များက တော်လှန်ရေးအင်အားစုများနှင့် အရပ်သား ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။
စစ်ခေါင်းဆောင်များက လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ရာထူးမှ အနားပေးခဲ့ပြီး ၎င်း၏နေရာတွင် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို အစားထိုး ခန့်အပ်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ထွန်းအောင် လေတပ်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူပြီးနောက် လူအစုအလိုက်အပြုံလိုက် သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများစွာ ပေါ်ပေါက်ခဲ့သည်။
ထင်ရှားသည့် လေကြောင်းတိုက်ခိုက်မှုများမှာ ကလေးငယ်များအပါအဝင် လူပေါင်း ၁၂ ဦး သေဆုံးခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းတိုက်ခိုက်မှု၊ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာတိုက်ခိုက်မှု၊ အသက် ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ ၁၀ ဦး သေဆုံးခဲ့သည့် ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာတိုက်ခိုက်မှုနှင့် လူပေါင်း ၁၆၀ ကျော်သေဆုံးခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာလေကြောင်း တိုက်ခိုက်မှုတို့မှာ ပြည်တွင်းပြည်ပကပါ သိရှိခဲ့သော ရက်စက်ကြမ်းကြုတ်သည့် လေကြောင်းတိုက်ခိုက်မှုများ အဖြစ် ထင်ရှားသည်။
ဓာတ်ပုံ-လေတပ်စခန်းတစ်ခုရှိ တိုက်လေယာဉ်တစ်စင်းအား ပြင်ဆင်နေစဉ်
#လေတပ် #နေပြည်တော် #အေလာ #လေကြောင်းစစ်ဆင်ရေး #Ayeyarwaddy_Times