ဧရာဝတီတိုင်းမ်
(ပဲခူး)၊ မေလ ၂၈ ရက်

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအား စစ်ကောင်စီမှ စစ်ကြောရေးသို့ခေါ်ဆောင်သွားသည်မှာ တစ်ပါတ်ခန့်ရှိပြီဖြစ်ကာ ယမန်နေ့မေလ ၂၇ ရက်နေ့ နေ့လယ်တွင် နိုင်ငံရေးအကျဉ်းသား အယောက် ၂၀ ကျော်ကိုထပ်မံ ခေါ်ဆောင်သွားကြောင်း သိရသည်။

ကျိုက်ဇကောအကျဉ်းထောင်တွင် ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အဆက် အစပ်ရှိသည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ အယောက် ၄၀ ကျော်ရှိပြီး စစ်ကြောရေး သို့ခေါ်ဆောင်သွားခံရသူမှာ အယောက် ၂၀ နှင့်အထက်ရှိပြီး အဆက်အသွယ် ပြတ်နေသည့်အတွက် မိသားစုဝင်များမှ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
“အဲ့ဒီထောင်မှာရှိနေတဲ့ ပဲခူး(ပကဖ)နဲ့ ဆက်စပ်နေတဲ့နိုင်ကျဉ်းတွေကို တောင်ငူထောင် ဖြစ်စဉ်နောက်ပိုင်းမှာ ၂ယောက်တစ်တွဲ၊ ၃ ယောက်တစ်တွဲ ခေါ်ခေါ်ထုတ်သွားတယ်။ အဲ့တာမျိုးဖြစ်နေတာ တစ်ပါတ်လောက်ရှိပြီ။ စစ်ကြောရေးကိုဆိုပြီး ခေါ်သွားတယ်လို့ သိရတယ်။ ဘယ်နေရာလဲဆိုတာမသိရဘူး။ ခေါ်သွားခံရတဲ့သူအကုန်က ပဲခူးပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) နဲ့ ဆက်စပ်တဲ့သူတွေ။ အဆက်အသွယ်မရလို့ မိသားစု တွေလည်း စိတ်ပူနေကြတယ်” ဟု ပဲခူးတိုင်း PDF သတင်းပြန်ကြားရေးတာဝန်ရှိသူ ကိုဝေယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့တွင်လည်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၂၀ ဦးကို အင်အားအများအပြားသုံး၍ စစ်ကားများဖြင့် ခေါ်ဆောင်သွားသောကြောင့် အဆက်အသွယ်ပြတ်ကာ မိသားစုဝင်များမှာ စိုးရိမ်ပူပန်နေကြောင်း သိရသည်။

“မိသားစုဝင်တွေက သူတို့ သားသမီးတွေ အသက်မှရှိသေးရဲ့လား။ အသက် အန္တရာယ်တွေများ ကြုံနေရလား ဆိုပြီး စိုးရိမ်ပူပန်နေကြတယ်” ဟု ကိုဝေယံက ထပ်မံပြောကြားသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့ကလည်း မြင်းခြံအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ကိုး ဦးကို စစ်ကောင်စီမှ သီးခြားခေါ်ထုတ်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့၍ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရှိသည့်အတွက် ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများမှ အစာငတ်ခံဆန္ဒပြခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်၍ ၂၀၂၃ခုနှစ် မေလ ၂၆ ရက်နေ့အထိ စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားသူ ၁၈၄၀၇ ဦးရှိပြီး ထိန်းသိမ်းခံထာရသူ ၆၁၀၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်းလည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ထုတ်ပြန်ချက် အရ သိရသည်။

ဓာတ်ပုံ – CJ

#ပဲခူး #ဒိုက်ဦး #ပဲခူးပကဖ #စစ်ကောင်စီ #ကျိုက်ဇကောအကျဉ်းထောင် #နိုင်ကျဉ်း #စစ်ကြောရေး #Ayeyarwaddy_Times