ဧရာဝတီတိုင်းမ်
မေလ ၂၈ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အသက်မ ပြည့်သေးသူ အပါအဝင် ဒေသခံလူငယ် ရှစ် ဦးထက်မနည်း စစ်ကြောရေးတွင် ပစ်သတ်ခံရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကြောရေးတွင် အသက်မပြည်သေးသည် မောင်ဝေဖြိုးဦး အသက် (၁၆)နှစ် အပါအဝင် လူငယ် ရှစ်ဦးထက်မနည်းကို မေလ ၂၂ ရက်နေ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့ရှိ စစ်ကြောရေးစခန်း နှင့် နီးစပ်သူများထံက သိရသည်။

“သူတို့ကို ဖမ်းဆီးပြီးတာနဲ့ စစ်ကြောရေးကို တစ်ခါတည်းပို့ပြီး စစ်ဆေးတယ်။ သူတို့ လိုချင်တဲ့အချက်အလက်တွေကို ရိုက်ပြီးမေးတယ်။ အဓိကတော့ လိုချင်တဲ့ အဖြေထွက်အောင်ပေါ့ဗျာ။ သူတို့က နာကျင်တော့ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ လျောက်ပြောကြတာပေါ့။ အားလုံးစစ်ဆေးပြီးတဲ့အခါမှာတော့ ရက်ရက်စက်စက် ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်လိုက်ကြတယ်” ဟု ကော့သောင်းမြို့ စစ်ကြောရေးနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်းက ကော့သောင်းမြို့နယ်ရှိ ဥယျာဉ်ခြံနှင့် နေအိမ်များသို့ ရောက်ရှိလာပြီး ဒေသခံ ၂၀ ဦးထက်မနည်းကို PDF ဟု စွပ်ဆွဲကာဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့ခံများထံက သိရသည်။

ယခုအခါတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံ ၂၀ ဦးအနက် ငါး ဦး ပြန်လည် လွတ်မြောက်လာပြီး ရှစ်ဦးထက်မနည်း အသတ်ခံထားရကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ ကော့သောင်းမြို့၊ ခမောက်ကြီး အခြေစိုက် စကခ -၂၀ လက်အောက်တွင် ခမရ(၂၆၂/၄၃၁/၄၃၂/ ၂၈၂/၅၈၄/ ၅၈၂ / ၅၉၅/ ၅၉၂/၅၉၆/၅၉၇)စသည့်တပ် ရင်းများပါဝင်ပြီး တပ်ရင်း ၁၀ ခုအထိရှိနေကြောင်းသိရသည်။

စစ်ကြောရေးတွင် စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းခံရသည့် ဒေသခံ ရှစ် ဦးကိုမူ ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခဲ့ပြီး ထပ်မံပစ်သတ်ခံရသည် ဆိုသည့် ဒေသခံ လေးဦးကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

#ကော့သောင်မြို့ #စစ်ကောင်စီတပ် #ဖမ်းဆီး #အသက်မပြည့် #၈ဦးထက်မနည်း #စစ်ကြောရေး #ပစ်သတ်ခံရ #Ayeyarwaddy_Times