နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ) /မေလ၂၇ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိ စစ်ကောင်စီ၏ ရဲကင်းအား ဓားမဆိုင်းတပ်ရင်း (၂၈) (D.M.S.A) မှ တော်လှန်ရေးအဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် သုံး ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာမဆိုင်းတပ်ရင်း (၂၈) သည် အဆိုပါရဲကင်းကို ပြီးခဲ့သည့် မေလ (၂၅)ရက်နေ့ ညနေ ၄နာရီ၁၅ မိနစ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဓားမဆိုင်းတပ်ရင်း သိရသည်။
“တရုတ်ဝမ်ပေါင်ကုမ္ပဏီထဲမှာ တပ်စွဲနေရာယူထားပြီး ပြည်သူနေအိမ် အဆောက် အဦးတွေကိုမီးထွက်ရှို့လိုက်၊ ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူလိုက်လုပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲကင်းပါ။ ဒါကြောင့် ကျွန်တော်တို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ ရဲ သုံး ယောက်သေပြီး နှစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရတယ်” ဟု D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ဒုတပ်ရင်းမှူးဗိုလ်လပြည့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) ဓားမဆိုင်းတပ်ရင်းက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဓာမဆိုင်းတပ်ခွဲ (၂) National. Revolution Army မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင်ဒေသရှိ တရုတ်ဝမ်ပေါင် ကြေးနီတူးဖော်ရေး ကုမ္မဏီအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ် ခြင်း၊ ကုမ္ပဏီအနီးတဝိုက်ရှိ ကျေးရွာများကို မီးရှို့ဖျက်စီးခြင်းများ မကြာခဏ ပြုလုပ်နေ၍ ဒေသခံများသည် ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေ ထိုင်ခြင်း မပြုနိုင်ဘဲ ဘေးလွတ်ရာနေရာများတွင် ရှောင်တိမ်းနေရကြောင်း ဒေသခံများထံက သိရသည်။
#ဆားလင်းကြီးမြို့နယ် #တရုတ်ဝမ်ပေါင်ကုမ္ပဏီ #ကြေးနီစီမံကိန်း #ဓားမဆိုင်းတပ်ရင်း #စစ်ကောင်စီရဲကင်းဂိတ် #သွားရောက်တိုက်ခိုက် #ရဲတပ်ဖွဲ့ဝင်၃ဦးသေ #Ayeyarwaddy_Times