ဧရာဝတီတိုင်းမ်
မေလ ၂၇ ရက်
ဧရာဝတီတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ နေ့အပူချိန်ထပ်တိုးမြင့်တက်လာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
မိုးဇလ ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံအတွင်းက မြို့ကြီး ၁၆ မြို့ အထိ အပူချိန်မြင့်တက်နိုင်တယ်လို့ဆိုထားပြီး မေလရဲ့ ပျမ်းမျှအပူချိန်ထက် မြင့်တက်တဲ့ အခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။
“ အပူချိန်ကတော့ ဒီလ မုန်တိုင်းပြီးထဲက တော်တော်ပူနေတာ၊ နေ့တိုင်းလိုလိုပူနေတာ၊ မိုးရွာတဲ့ အချိန် လောက်ပဲ အေးအေးချမ်းချမ်းနေရတယ်။ မိုးရွာပြီးတာနဲ့ နာရီဝက်လောက်ဆို ပူတာပဲ။ ဒါတောင် အပူချိန် တိုးဦးမယ်ဆိုတော့ ဘယ်လိုနေရမှန်းမသိတော့ဘူး၊ မိုးမြန်မြန်ကျပါစေလို့ပဲ ဆုတောင်းနေရတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိ မေလ ၂၇ ရက်နေ့ ပုသိမ်မြို့ရဲ့ အပူချိန်မှာ ၃၄ ဒီဂရီ စင်တီဂရိတ်ထိရှိနေပြီး မိုးဇလကထုတ်ပြန် ထားတဲ့ မေလ ၂၈ ရက်နေ့အတွက် အပူချိန်မြင့်တက်လာနိုင်မှုမှာတော့ ပုသိမ်မြို့ရဲ့ အပူချိန်ဟာ ၃၄ ဒီဂရီ စင်တီဂရိတ်ထိရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းသတိပေးထားတာပါ။
ပုသိမ်မြို့မှာတော့ မေလအတွင်းက အကြောင်းအမျိုးမျိုးကြောင့် လမ်းဘေး သေဆုံးတဲ့သူ အမျိုးသား ၂ ဦးထိ ရှိနေပြီး ဒီလူတွေဟာ အပူချိန်ကြောင့် သေဆုံးတာဖြစ်နိုင်သလို ကိုဗစ်ရောဂါကြောင့် သေဆုံးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဓာတ်ပုံ – ပုသိမ်မြို့တွင် မေလပထမပတ်အတွင်း လမ်းဘေးလဲကျသေဆုံးခဲ့သူအား လာရောက်သယ်ဆောင်စဥ်
#ပုသိမ်မြို့မှာ #နေ့အပူချိန် #ထပ်တိုးမယ်လို့ #မိုးဇလသတိပေး
#Ayeyarwaddy_Times