ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မေ ၂၇ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် တွင် အခြေစိုက်ထားသော ခလရ ၂၇၄ တပ်ရင်းနှင့် ရဲစခန်းကုန်းတို့ကို မေလ ၂၅ ရက်နေ့တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးနှင့် Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ထံမှ သိရသည်။

အဆိုပါတပ်စခန်းများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)နှင့် ဂန့်ဂေါခရိုင် အမှတ် (၃/၁၃) တပ်ရင်းပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးကြောင်းသိရသည်။

” လက်နက်ကြီးနဲ့ အပြန်အလှန် သူထု၊ကိုယ်ထုပါ။ ဒဏ်ရာရရှိမှုအခြေအနေမသိရသေးဘူး။ ခလရ ၂၇၄ ရင်းမှူးကတော့ တပ်ရင်းအပြင်ဘက်တောင် တခါမှ မထွက်ရဲတော့ဘူး။ မြို့ထဲက ပြည်သူတွေကိုတော့ သူတို့ကို လာမတိုက်ရင် သူတို့စမတိုက်ဘူး။ လာတိုက်ရင်တော့ ဘယ်နေရာကိုမှ ညှာနေမှာမဟုတ်ဘူးဆိုပြီး ဝါဒဖြန့်ထားတယ် “ ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

CDF – မင်းတပ်က တိုက်စစ်ဖြင့် စစ်ရေးဖွင့်ကစားတော့​မည်ဟု တရားဝင်ထုတ်ဖော်ပြောကြားပြီးနောက် မင်းတပ်မြို့ရှိ ခလရ ၂၇၄ တပ်ရင်းတွင် အသစ်ပြောင်းရွှေ့လာသော တပ်ရင်းမှူးသည် တပ်ပြင်မထွက်တော့ဘဲ တပ်ရင်းထဲတွင် ခုခံစစ်အတွက် စတင်ပြင်ဆင်နေပြီဟု CDF-မင်းတပ်က သုံးသပ်ပြောကြားသည်။

” ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ၂၀၂၃ ခုနှစ်မှာ မျှော်မှန်းထားတဲ့ စစ်ရေးမျှော်မှန်းချက်ကို မပြည့်ပြည့်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြလိမ့်မယ်လို့ ကျွန်တော်ကတော့ သုံးသပ်တ​ယ်။ ဒါကြောင့် မြို့တွင်းတိုက်ပွဲတွေ ရှိလာလိမ့်မယ်ထင်တယ် “ ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ကျောက်ထုမြို့မှ မင်းတပ်မြို့သို့ ခြေလျင်ခရီးဖြင့် ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀ ခန့်သည် ခလရ ၂၇၄ တပ်ရင်းဘက်ကို ဦးတည်နေပြီး ခလရ ၂၇၄ တပ်ရင်းနှင့် တပ်ချိန်းရန်ဖြစ်နိုင်ကြောင်းသိရသည်။

” ကျောက်ထုကနေ မင်းတပ်ကိုတောင် ကားမသုံးတော့တာ တွေ့ရတယ်။ စစ်ကြောင်းပုံစံ ခြေလျင်တက်သွားပြီး မင်းတပ်က အင်အားအချို့နဲ့ တပ်ချိန်းလိုက်တယ်လို့ ယူဆရတယ်။ အခြေအနေ စောင့်ကြည့်နေဆဲပါ” ဟု သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတာဝန်ခံက ဆိုသည်။

မေလ ၂၆ ရက်က မင်းတပ် – ကျောက်ထုလမ်းပိုင်းတနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ရှိသော စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)နှင့် ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းပူးပေါင်းတပ်ဖွဲ့တို့က ပဒေသာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ထမ်းစ​င်ဖြင့် သယ်ဆောင်၍ မင်းတပ်မြို့ဘက်သို့ ဆက်သွားခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း၏ ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ-HKL
#ချင်းပြည်နယ် #မင်းတပ်မြို့ #ခလရ၂၇၄တပ်ရင်း #ရဲစခန်းကုန်း #ကာကွယ်ရေးပူးပေါင်းတပ် #လက်နက်ကြီးပစ်ခတ် #မြို့တွင်းတိုက်ပွဲများရှိလာနိုင်
#Ayeyarwaddy_Times