ဧရာဝတီတိုင်းမ်
(ပခုက္ကူ)၊ မေလ ၂၇ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ Earthquake Defense Force မှတိုက်ခိုက်ရေးခေါင်းဆောင်အပါအဝင် လေး ဦးနှင့် Defense Team Pakokku မှ တပ်ဖွဲ့ဝင် သုံး ဦး၊ စုစုပေါင်း PDF ခုနစ်ဦးသည် မေလ ၂၅ ရက်နေ့က စစ်ကောင်စီထံလက်နက်ချအလင်းဝင်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်ကောင်စီထံ လက်နက်ချအလင်းဝင်ရောက်ခဲ့သည့် Defense Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူ၏ စည်းရုံးမှုကြောင့် အဆိုပါ အဖွဲ့မှ စိုင်းတုန်ချစ်၊ သော်ဇင်ခန့်၊ ဝေဖြိုးပိုင် တို့ သုံး ဦးမှာ မောင်းပြန်သေနတ် နှစ် လက်၊ ငွေကျပ် သိန်း ၄၀၀ နှင့် ခဲယမ်းများကိုယူဆောင်ကာ စစ်ကောင်စီထံ အညံ့ခံခဲ့ကြောင်း သိရသည်။

ထို့ပြင် ပခုက္ကူအခြေစိုက် Earthquake Defense Force မှ အဖွဲ့ဝင်များဖြစ်သည့် အာကာစိုးမြင့်၊ ဝင်းမင်းအောင်၊ မြတ်မင်း၊ သက်နိုင်မင်း တို့ လေး ဦးသည်လည်း မောင်းပြန်သေနတ် နှစ် လက်နှင့် ငွေကျပ် သိန်း ၂,၀၀၀ ခန့်ကို ယူဆောင်ကာ စစ်ကောင်စီထံ အညံ့ခံခဲ့ကြောင်း သိရသည်။

“အဲ့ဒီအဖွဲ့က ကျွန်တာ်တို့ MOD(ကာကွယ်ရေးဝန်ကြီးဌာန) ရဲ့ Chain of Command(ကွပ်ကဲမှု) အောက်မှာရှိတဲ့ အဖွဲ့မဟုတ်ဘူး‌‌။ ကျွန်တော်တို့ သိထားသလောက်ဆိုရင် အဲ့ဒီဒေသက ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ကတောင်မှ ဒီအဖွဲ့ဟာ ပြဿနာရှိတဲ့ အတွက်ကြောင့် သူတို့နဲ့ မသက်ဆိုင်ဘူးဆိုတာမျိုး ထုတ်ပြန်ထားတာရှိပါတယ်။ ကျွန်တာ်တို့ကတော့ MODရဲ့လက်အောက်မှာရှိနေတဲ့ PDF လူစာရင်းရှိမယ်။ ပြီးရင် လက်နက်အင်အား၊ လူအင်အား ဒါတွေအကုန်လုံးကိုစနစ်တကျ စာရင်းပြုစုထားတာရှိတယ်။ ဒီစာရင်းဇယား တွေအပေါ်မှာ လူအင်အား ယုတ်လျော့မှု လက်နက်အင်အား ယုတ်လျော့မှု ရှိမရှိကိုလည်းအမြဲတမ်း သတင်းပို့ခိုင်း ထားတာ တွေရှိပါတယ်။ လက်ရှိ စာရင်းဇယားတွေအရတော့ MODရဲ့လက်အောက်မှာရှိနေတဲ့ PDF‌‌ထဲကနေ ဒီလိုမျိုး စစ်အုပ်စု ဘက်ကို လက်နက်ချအလင်း၀င်တယ်ဆိုတာ လုံး၀မရှိဘူးဆိုတာကိုပဲ ဖြေကြားချင်ပါတယ်ဗျ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီထံ PDF ခုနစ် ဦးအား အညံ့ခံရန်စည်းရုံးခဲ့သည့် Defense Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူ(ခ)Snakeသည် တော်လှန်ရေးရန်ပုံ ငွေရှားပါးသည်ကို အကြောင်းပြကာ စစ်ကောင်စီနှင့်ဆက်နွှယ်သည်ဟု ယူဆရသူများကို ဖမ်းဆီး ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပခုက္ကူပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပြန်ပေးဆွဲ ငွေတောင်းခံခြင်းသည် အမျိူသားညီညွတ်ရေးအစိုးရ၏ မူဝါဒအရလည်း ကောင်း၊ စစ်သည်တော်များလိုက်နာစောင့်ထိမ်းရမည့် စည်းကမ်းအရလည်းကောင်း ညီညွတ်ခြင်းမရှိတာကြောင့် အောင်သူထံ ဖြေရှင်းချက်တောင်းခံခဲ့သည်။ ထိုသို့ ဖြေရှင်းချက်တောင်းခံရာတွင် တာဝန်ယူဖြေရှင်းခြင်းမရှိဘဲ စစ်ကောင်စီထံ လက်နက်ချအညံခံသွားခြင်းဖြစ်သည်” ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုထားသည်။

ယခုကဲ့သို့ စစ်ကောင်စီထံလက်နက်ချအညံ့ခံမှုကြောင့် ပခုက္ကူပကဖအနေဖြင့် အောင်သူနှင့် တပ်ဖွဲ့ဝင် ခုနစ် ဦးအား အရေးယူသွားမည်ဖြစ်ပြီး ၎င်းတို့နှင့် အဆက်အသွယ်ရှိသည့် တပ်ရင်းများ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ PDFများ အနေဖြင့်လည်း လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ပခုက္ကူ(ပကဖ)က တိုက်တွန်းထားသည်။

#မကွေးတိုင်း #ပခုက္ကူမြို့နယ်အခြေစိုက် #PDF၇ဦး #လက်နက်ချ #အလင်းဝင် #Ayeyarwaddy_Times