ဧရာတီတိုင်းမ်
မေလ ၂၇ ရက်

သင်္ကြန်အပြီးတွင် ပြည်ပဝယ်လိုအားနှင့် ပြည်တွင်းစားသုံးမှုများသောကြောင့် ကြက်သွန်နီဈေးကွက်တွင် တောင်သူများ ရောင်းချသည့်မူရင်းဈေးမြင့်နေ၍ ကုန်သည်များမဝယ်နိုင်သဖြင့် ကြက်သွန်နီအရောင်းအဝယ်အေးနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

လက်ရှိတွင်ကြက်သွန်တောင်သူများက ကြက်သွန်နီ တစ်ပိဿာ လျှင် ကျပ် ၁၈၀၀ မှ ၂၀၀၀ နှုန်းထားဖြင့် ဈေးခေါ်နေပြီး ကုန်သည်များက တစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၁၇၀၀ ကြားသာဝယ်ယူလို၍ အရောင်းအဝယ်မဖြစ်ဘဲအမြင့်ဈေးတွင်အေးနေကြောင်း ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

“ စိုက်ပျိုးရေးသွင်းအားစုတွေလည်းဈေးကြီးတော့ ရင်းနှီးရတာများတယ်။ ဒီအချိန်ကျတော့ကျွန်တော်တို့ တောင်သူတွေက တောင်ရုံတန်ရုံမရောင်းဘူး။ မရောင်းတာက မျှော်လင့်ချက်တွေရှိတယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆို အရင်တုန်းကဈေးတက်နေကျလေ။ အဲဒီချိန်မှာဈေးတက်တာဆိုတော့။ ဒီနှစ်ဈေးစောစော တက်တာက လှောင်တဲ့သူဆီမှာလည်းကြက်သွန်မရှိဘူး” ဟု ကြက်သွန်စိုက်သူတောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧပြီလအစောပိုင်းသင်္ကြန်မတိုင်ခင်တွင် တောင်သူများရောင်းချသောကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ် ၇၀၀ မှ ၇၅၀ ကျပ်ရှိရာမှ သင်္ကြန်အပြီးတွင်း ကျပ် ၂၀၀၀ အထိဖြစ်သွားကာ ကုန်လှောင်ကြက်သွန်နီပွဲစားများဝယ်ယူနိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ အခုလိုမျိုး အရင်ကတစ်ခါမှမဖြစ်ဖူးဘူး။ အခုတောင်သူကမရောင်းဘူး။ တောင်သူက ၂၀၀၀ ကျပ်ရမှ ရောင်းမယ်။ ကုန်သည်က ၂၀၀၀ ဆိုရင်မကိုက်ဘူး။ နယ်မှာ ၂၀၀၀ ဆိုရင် စားရိတ်စကနဲ့ မြို့ပေါ်အရောက်၂၅၀၀ လောက်ကျတာကို။ ပွဲစားက မကိုက်ဘူး။အဲဒီလိုဆိုတော့ ဘယ်သူနိုင်မလဲ ကြည့်ရဦးမယ်” ဟု မကွေးတိုင်းဒေသကြီးမှ ပွဲရုံပိုင်ရှင် တစ်ဦးက ဆိုသည်။

လက်ရှိ၌ ဗီယက်နမ်ဘက်က ဝယ်လက်ရှိပြီး တရုတ်နိုင်ငံဘက်က ဈေးနှိမ် ဝယ်ယူလိုနေသည့်အချိန်တွင် တောင်သူများစျေးနည်းနည်းထိန်းထားသည့်အတွက်ကြောင့်အရောင်းအဝယ်အေးနေကာ နှစ်ဖက်စောင့်ကြည့်နေသည့်အခြေအနေဖြစ်ကြောင်း ၎င်းက ဆက်ပြောကြားသည်။

“အခုအနေအထားအရတော့ ဈေးကျဖို့တော့မရှိဘူး။ ၃၀၀၀ ဖြစ်မလား ၄၀၀၀ ဖြစ်မလားပဲ။ အဓိကကတော့ နိုင်ငံခြားဝယ်လက်ပေါ်မှာလည်းမူတည်တယ်။ သူတို့ ဘယ်ဈေးထိလိုက်နိုင်မှာလဲ” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ကြက်သွန်နီ ပေါက်စျေး (ယောစ) ထိပ်စ တစ်ပိဿာလျှင် ၁၉၀၀ ကျပ်၊ အလတ်စ ၁၄၀၀ ကျပ်၊ အနိမ့်စ ၁၀၀၀ ကျပ် နှင့် ပုလဲကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ အလတ်စ ၁၇၀၀ ကျပ်၊ အနိမ့်စ ၁၃၀၀ ဖြင့် ရန်ကုန်ဘုရင့်နောင်အပါအဝင် တရုတ်နှင့် ဗီယက်နမ်နိုင်ငံများထံ မေလ ဒုတိယအပတ်တွင်တင်ပို့ကြောင်း ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်ထံမှ သိရသည်။

ထို့အပြင် ရန်ကုန်မြို့ရှိ ကြက်သွန်နီလက်လီဈေးကွက်၌ ကြက်သွန်နီတစ်ပိသာလျှင် ဧပြီလတွင် ၂၃၀၀ ကျပ်ရှိရာမှ ယခု မေလနောက်ဆုံးအပတ်တွင် တစ်ပိဿလျှင် ကျပ် ၃၀၀၀ အထိဈေးတက်သွားခြင်းဖြစ်ကြောင်း မြို့နေအိမ်ရှင်မတစ်ဦးက ပြောကြားသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကြက်သွန်စိုက်ပျိုးရာတောင်သူများထံတွင် ကြက်သွန်အမျိုးအစားအလိုက် ကြက်သွန်လက်ကားဈေး တစ်ပိဿာ ၃၅၀၀ မှ ၄၀၀၀ ကျပ်အထိရှိပြီး လက်လီဈေးကွက်တွင် တစ်ပိဿာ ၅၀၀၀ မှ ၇၀၀၀ ကျပ်အထိဈေးမြင့်တက်ခဲ့သည်။

ဓာတ်ပုံ – ရွှေမဟာအဆင့်မြင့်ကြက်သွန်နီရောင်းဝယ်ရေး

#ကြက်သွန်နီဈေးမြင့်၍ #အရောင်းအဝယ်အေး
#Ayeyarwaddy_Times