ဧရာဝတီတိုင်းမ်
မေလ ၂၆ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ညပိုင်း လူပြတ်တဲ့နေရာတွေမှာ အုပ်စုဖွဲ့လုယက်မှုတွေပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လမ်းဆုံလမ်းဂွ တွေမှာ ညပိုင်းစစ်ဆေးတာတွေပြုလုပ်ပြီးနောက်ပိုင်းမှာ အုပ်စုဖွဲ့လုယက်သူတွေက လူပြတ်တဲ့ နေရာတွေမှာ ဓားထောက်လုယက်တာတွေပြုလုပ် နေတာလို့ ဆိုပါတယ်။
” စစ်တပ်နဲ့ ရဲက ညပိုင်း စစ်ဆေးတာတွေတော့ လုပ်တယ်၊ ဒါပေမယ့် လုယက်တဲ့သူတွေက သူတို့နားတဲ့ အချိန်မှ လူပြတ်တဲ့ လမ်းတွေမှာ ဓားထောက်လုယက်နေတာ၊ တိုင်လည်းမတိုင်ရဲဘူး ဖမ်းတဲ့သူလည်းမရှိဘူး”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
လုယက်သူအများစုဟာ ပုသိမ်မြို့က တောင်ပေါ်ကနေ ချောင်းသာသွားတဲ့လမ်းနဲ့ မြို့ပေါ်ရပ်ကွက်တွေ မီးပြတ်ချိန်မှာ လုယက်တာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။
ဒါ့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုကျဆင်းလာတာနဲ့အတူ ခိုးဆိုးလုနိုက်တွေလည်း ပိုမိုများပြားလာပြီး ယခုအခါ ရပ်ကွက်တွေ လိုက်ပြီး ခိုးတဲ့သူတွေက အုပ်စုဖွဲ့ခိုးယူတာတွေပါ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ပုသိမ်မြို့တွင် #အုပ်စုဖွဲ့လုယက်မှုများ #ပိုမိုများပြားလာ
#Ayeyarwaddy_Times