ဧရာဝတီတိုင်းမ်
မေလ၂၆ ရက်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းအိန္ဒိယနိုင်ငံရှိ ကုမ္ပဏီတွေနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ က မြန်မာစစ်တပ်နဲ့ လက်နက်ပွဲစားတွေထံဒေါ်လာ ၅၁ သန်းတန်ကြေးရှိ လက်နက်၊ ကုန်ကြမ်းနဲ့ ဆက်စပ် ပစ္စည်းတွေ တင်ပို့ခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ အတိုက်အခံတွေနဲ့ ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကာလ အတွင်းအိန္ဒိယအခြေစိုက် ကုမ္ပဏီ ၂၂ ခုက စစ်ကောင်စီထံ လက်နက်တွေ တင်ပို့ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့အစီရင် ခံစာတစ်ခုက ပြီးခဲ့တဲ့အပတ်အတွင်း ထုတ်ဖော်ခဲ့ပါတယ်။
မြန်မာစစ်ကောင်စီထံ လက်နက်ထောက်ပံ့တဲ့ကုမ္ပဏီတွေထဲမှာBharat Dynamics၊ Bharat Electronics နဲ့ Yantra India အပါအဝင် နိုင်ငံပိုင်လုပ်ငန်းတွေ၊Sandeep Metalcraft နဲ့ Larsen & Toubro လိုမျိုး ပုဂ္ဂလိက ကုမ္ပဏီတွေ ပါဝင်ပါတယ်။
အိန္ဒိယနိုင်ငံက စောင့်ကြည့်ရေးစနစ်တွေအပြင် အမြောက်ကြီးတွေနဲ့ ဒုံးကျည်တွေကို မြန်မာနိုင်ငံသို့ဆက်လက်ထောက်ပံ့နေမှုက နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုဥပဒေချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်လို့အစီရင်ခံစာက ဖော်ပြပါတယ်။
“မြန်မာစစ်တပ်ထံ ပေးပို့တဲ့စစ်လက်နက်တွေကို နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ရာမှာ အသုံးပြုဖွယ်ရှိ တယ်ဆိုတာ အိန္ဒိယနိုင်ငံက သတိမူသင့်ပါတယ်”လို့ အစီရင်ခံစာက ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရ ကို ဖြုတ်ချပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်လာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအပြင် ရုရှား၊ တရုတ်၊ စင်ကာပူနဲ့ထိုင်းနိုင်ငံတို့က မြန်မာစစ်တပ်ထံ ဒေါ်လာ တစ်ဘီလီယံခန့် တန်ကြေးရှိ စစ်လက်နက်တွေ ထောက်ပံ့ပေးခဲ့တယ်လို့အစီရင်ခံစာက ဖော်ပြပါတယ်။ ရုရှား၊ တရုတ်နဲ့ စင်ကာပူ တို့က အာဏာသိမ်းမှုနောက်ပိုင်းဒေါ်လာ သန်း ၉၀၀ တန်ကြေးရှိ ခေတ်မီစစ်လက်နက်တွေ ဆက်လက်ထောက် ပံ့နေတယ်လို့ အစီရင်ခံစာကဆိုပါတယ်။
“ဒဏ်ခတ်အရေးယူတာတွေက မလုံလောက်ပါဘူး။ စစ်ကောင်စီနဲ့ဆက်စပ်တဲ့ လက်နက်ပွဲစား တွေက သူ တို့ကို အရေးမယူဖို့ ရှောင်ရှားနိုင်ခဲ့ပါတယ်” လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်ပြသူ တွမ်အန် ဒရူးက ပြောကြားပါတယ်။ အိန္ဒိယလက်နက်ကုမ္ပဏီYantra India Limited က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအ တွင်း မြန်မာစစ်တပ်ထံ ၁၂၂ မီလီမီတာအမြောက်ပြောင်းတွေ ပေးပို့ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတစ်ဉီးဖြစ်သူပိုင်ဆိုင်တဲ့ရန်ကုန်မြို့အခြေစိုက် Innovative Industrial Technologies Co Ltd ထံ ဒေါ်လာ ၃၃၀၀၀၀တန်ကြေးရှိ အမြောက်ပြောင်းတွေ တင်ပို့ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံက စစ်ရေးအကူအညီတွေပေးပြီးမြန်မာစစ်ကောင်စီကို ကျောထောက်နောက်ခံပြုနေတာကို မြန်မာနိုင်ငံရှိ ဒီ မိုကရေစီခေါင်းဆောင်တွေ၊တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ပါတယ်။
“ဒေသတွင်း အကြီးမားဆုံး ဒီမိုကရေစီတိုင်းပြည်ဖြစ်တဲ့အိန္ဒိယက သူ့အတွက် ယုံကြည်စိတ်ချရတဲ့မိတ် ဖက်မဟုတ်တဲ့အပြင် ရေတိုမှာတောင် အကျိုးမဖြစ်ထွန်းတဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတဲ့မူဝါဒ ဆက်လက် ကျင့်သုံးနေပါတယ်” လို့ Myanmar Policy Institute ရဲ့ ဥက္ကဌ ဇော်တူဆန်က ပြောပါတယ်။
အိန္ဒိယနဲ့စစ်ကောင်စီ ကြား ဆက်ဆံရေးက မြန်မာနိုင်ငံမှာတရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ဟန့်တားနိုင်မှာမဟုတ်ဖူးလို့ သူက သတိပေးပါ တယ်။
အိန္ဒိယနိုင်ငံက မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့တယ်ဆိုတာ ကြားသိရတဲ့အတွက် အံ့အားသင့်မိ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဉီးမိုးဇော်ဉီးက ပြောပါတယ်။ NUG ဟာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလူနည်းစု အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာပါ။
“မြန်မာပြည်သူတွေက အိန္ဒိယနိုင်ငံရဲ့ စစ်ကောင်စီကို လက်နက်ထောက်ပံ့တဲ့အပေါ် သတိရနေမှာဖြစ်ပြီး နှစ်နိုင်ငံကြား ရေရှည်ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှု ရှိလာမှာဖြစ်ပါတယ်။ အိန္ဒိယအစိုးရက ရေတိုအကျိုးစီးပွားထက် မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထည့်သွင်းစဉ်းစားသင့်ပါတယ်” လို့ ဉီးမိုးဇော်ဉီးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကိုအိန္ဒိယက ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်တယ်လို့ ချင်းအမျိုးသားတပ်ဉီး (CNF) ခေါင်းဆောင်ဆွေခါးက ပြောပါတယ်။ “အိန္ဒိယနိုင်ငံက စစ်ကောင်စီနဲ့ ကောင်းမွန် တဲ့ဆက်ဆံရေး တည်ဆောက်ဖို့ကြိုးပမ်း နေပေမယ့် အလုပ်မဖြစ်ပါဘူး။ အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင် ငံမှာ တစ်ခုတည်းသောသက်ဆိုင်သူမဟုတ်ဖူးဆိုတာ အိန္ဒိယနိုင်ငံက မကြာမီ နားလည်လာပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကထောင်နဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေဟာ လက်နက်ကိုင် တော်လှန်ရေးမှာ ပူးပေါင်းခဲ့ပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပြင်းထန်သော ခုခံတော်လှန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ “ပြည် သူတွေရဲ့အခွင့်အရေးတွေ ချေမှုန်းခံနေရပါတယ်။ အိန္ဒိယနိုင်ငံက အခုလိုမျိုး စစ်ကောင်စီကို လက်နက်တွေလွှဲ ပြောင်းပေးတာ၊ ရောင်းချတာကို စဉ်းစားသင့်ပါတယ်” လို့ ချင်းပြည်နယ်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။
မြန်မာနိုင်ငံသို့ လက်နက်တွေ ရောင်းချခဲ့တာဟာ အဏာသိမ်းမှုမတိုင်မီ အရပ်သား အစိုးရထံပေးခဲ့တဲ့ ကတိကဝတ်တွေအရဖြစ်ပြီး နယူးဒေလီရဲ့ ပြည်တွင်းလုံခြုံရေး စိုးရိမ်မှုတွေကြောင့် တင်ပို့ခဲ့တာလို့ အိန္ဒိယကိုယ် စားလှယ်တွေက တွမ်အန်ဒရူးကို ပြောပြခဲ့ပါတယ်။
“အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကို အဓိက လက်နက်တွေ တင်ပို့ တဲ့တိုင်းပြည် မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံက မြန်မာစစ်တပ်ထံ လက်နက်တွေတင်ပို့ရာမှာ ရှင်းလင်းစွာ စိစစ်ခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကဘာလဲဆိုတာ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပါတယ်”လို့ အိန္ဒိယ ကိုယ်စားလှယ်တွေက ပြောပါတယ်။
မတ်လ ၆ ရက်အထိ မြန်မာနိုင်ငံမှာ စစ်ဘေးရှောင် ၁ ဒသမ ၇ သန်းကျော်ရှိမယ်လို့ ခန့်မှန်းရကြောင်း ကု လသမဂ္ဂရဲ့ အချက်အလက်တွေအရ သိရပါတယ်။အာဏာသိမ်းမှု နောက်ပိုင်း ပြည်သူ ၃၀၀၀ ကျော် သတ်ဖြတ်ခံရ ကာ ၁၈၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ၁၄၀၀၀ ခန့် အကျဉ်းချခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(AAPP) က ပြောပါတယ်။
DW ဝဘ်ဆိုဒ်မှာ မေလ ၂၅ ရက်က ဖော်ပြထားတဲ့ ဆောင်းပါးရှင် Murali Krishnan ရဲ့ How India is supporting Myanmar’s military with arms ကို ဆီလျော်အောင်ဘာသာပြန်ထားပါသည်။