ဧရာ၀တီတိုင်းမ်
မေ ၂၆ ရက်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဌအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသသည် ယမန်နေ့ မေလ ၂၅ ရက် ည ၁၁ နာရီ ၁၁ မိနစ်ခန့်က ဘ၀နတ်ထံ ပျံလွန်တော်မူသွားကြောင်း သာသနာရေးဦးစီးဌာနက သိရသည်။

ဆရာတော်ကြီးသည် မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက်တွင် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် (၉၄) နှစ်၊ ဝါတော် ၇၄ ဝါ၊ ရှိပြီဖြစ်သည်။

ဆရာတော်ကြီးသည် အသည်းရောဂါနှင့် အစာပြွန်ရောဂါဝေဒနာခံစားနေရ၍ ပြီးခဲ့သည့် မတ်လအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆေးကုသမှု တစ်လနီးပါး ခံယူခဲ့ပြီးနောက် ဧပြီလတွင်သီတင်း သုံးနေထိုင်ရာ မန္တလေးမြို့ရှိ ဗန်းမော်ကျောင်းတိုက်၌ ပြန်လည် သီတင်းသုံးနေထိုင်ရင်း ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇနါနဝါရီ ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် ဗန်းမော်ဆရာတော်ကြီးဦးဆောင်သော သံဃာ့နာယကအဖွဲ့သည် ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာဖို့ တိုက်တွန်းခဲ့ပြီး မေတ္တာရပ် ခံချက်စာတစ်စောင် နှင့် ကြေညာချက်တစ်စောင် တို့ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၀ ရွေးကောက်ပွဲကို အကြောင်းပြု၍ ငြင်းခုံခြင်းကို ဘေးရှုမြင်ကြလျက် စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းကို ချမ်းသာအကြောင်း တရားဟု ခံယူကြလျက် ညီညွတ်စွာစေ့စပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လွန်စွာလိုအပ်ကြောင်းနှင့် တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် အများပြည်သူ ဒါယကာ၊ ဒါယိကာမများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စအရပ်ရပ်ကို မိမိတို့၏ဆန္ဒကိုငြင်းခုံမှုမပြုကြဘဲ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ငြိမ်းချမ်းစွာ အဖြေရှာကြရန်ဟူ၍ မေတ္တာရပ်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ဆက်လက်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာလည်း အလားတူကြေညာချက်ကို ထပ်မံ ထုတ်ပြန်ခဲ့ကာ ဆရာတော်ကြီးများမှ လက်မှတ်ရေးထိုးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ဘုရားတည်၊ ကျောင်းဆောက်ပြုလုပ်နေပြီး ဘာသာတရား ကိုင်းရှိုင်းသည်ဟု ဆိုကြသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဆရာတော်ကြီးများကို မျက်ကွယ်ပြု၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို လက်နက်ဖြင့် သိမ်းယူခဲ့သည်။

ဗန်းမော်ဆရာတော်ကြီးသည် သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တစ်ပါးတည်းသာရယူနိုင်ခဲ့သည့် ပါဠိသိရောမဏိဘွဲ့ ရအဋ္ဌကထာ ကျမ်းပြု ထူးခြားသည့် သာသနာ့အာဇာနည်တစ်ပါးဖြစ်သည်။

ဆရာတော်ကြီး ပျံလွန်တော်မူချိန်ထိ မြန်မာတစ်နိုင်ငံလုံးတွင် ပါဠိဘာသာဖြင့် ဓမ္မာစရိယ ကိုးကျမ်းကို တစ်နှစ်တည်းအောင်မြင်သူမှာ ဗန်းမော်ဆရာတော်ကြီးတစ်ပါးသာရှိပြီး န၀မမြောက် ဗန်းမော် ဆရာတော်ဟုလည်း လူသိများသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၌ ဒုတိယ‌ ပါမောက္ခချုပ်အဖြစ် သာသနာ့၀န်ထမ်းဆောင် ခဲ့သည်။ လက်ရှိတွင် ဆရာတော်ကြီး ရုပ်ကလာပ်ကို စံကျောင်း ချမင်္ဂလာပြုလုပ်ခဲ့ကြပြီး အေးကမ္ဘာ သာသနာ့ဗိမ္မာန် သို့ပြောင်းရွှေ့ အပူဇော်ခံထားကြောင်း တပည့်သံဃာတော်များထံက သိရသည်။

ပုံစာ- နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်
ပုံစာ-ဗန်းမော်ဆရာတော်ကြီး ဦးဆောင်ကာ ထုတ်ပြန်ခဲ့သည့် မေတ္တာရပ်ခံစာ
#ဗန်းမော်ဆရာတော်ဘုရားကြီး #ပျံလွန်တော်မူ #မေတ္တာရပ်ခံတားမြစ် #စစ်တပ် #အာဏာမသိမ်းရန် #Ayeyarwaddy_Times