ဧရာ၀တီတိုင်းမ်
မေ ၂၆ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွာသာကြီးစီးပွားရေးတက္ကသိုလ်အနီး အမှတ်(၂) လမ်းမကြီးပေါ်တွင် အမျိုးသမီးတစ်ဦးအပါအ၀င်လူငယ် ငါး ဦးကို စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ ညပိုင်းက ဒဂုံမြို့သစ်အရှေ့ပိုင်း၊ အမှတ် (၂) လမ်းမကြီး ပေါ်ရှိ ဆည်မြောင်းမှတ်တိုင်အရောက်တွင် ပဲခူးဘက်မှလာသည့် ယာဉ်တစ်စီးပေါ်မှ လူငယ် ငါး ဦးကို PDF ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဂိတ်ကတားတဲ့တာကို မရပ်ဘဲမောင်းပြေးလို့ ကားကိုပစ်ဖမ်းတာလို့ထင်တာ။ သေနတ်သံတွေဆက်တိုက် ကြားရတယ်။ မကြာဘူး လူနာတင်ကားတွေရောက် လာတယ်” ဟု အနီးပတ်၀န်းကျင်ရှိ ဒေသခံပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က အဆိုပါ လူငယ်ငါးဦးကို ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်ပြီးနောက် လမ်းသစ် မှတ်တိုင်မှ သစ်တောအရှေ့ထိ လမ်းပိတ်ဆို့ခဲ့ပြီး လူနာတင်ယာဉ်များမှ သေးဆုံးသူ လူငယ်များ၏ အလောင်းကို လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။
“ကျွန်တော်တို့ ကို ဖုန်းဆက်ခေါ်လို့ သွားသယ်တော့ ထိခိုက်လူနာ ငါး ဦးပါ။ Dead body တွေပေါ့။ ဘာကြောင့်တော့သေချာ မသိဘူး။ ရင်ခွဲရုံကိုပို့ပေးခဲ့ပါတယ်”ဟု ရန်ကုန်မြို့ရှိ လူမှုကူညီရေးအသင်းက ဆိုသည်။
PDF ဟုစွပ်စွဲကာ သတ်ဖြတ်ခံခဲ့ရသည့် အဆိုပါ လူငယ် ငါး ဦးအနက် တစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး ကျန်လေးဦးမှာ အမျိုးသားများဖြစ်သည်။ သေဆုံးသူ လူငယ်များ၏အချက် အလက်များကိုမူ ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် စုံစမ်း အတည်ပြု၍မရသေးပေ။
ဓာတ်ပုံ-Google Map
#ရွာသာကြီး #စီပွားရေးတက္ကသိုလ်အနီး #လူငယ်၅ဦး #စစ်ကောင်စီတပ် #သတ်ဖြတ် #PDFစွပ်စွဲ #Ayeyarwaddy_Times