ဧရာဝတီတိုင်းမ်
(မတူပီ)၊ မေ ၂၆ ရက်
ချင်းပြည်နယ် မတူပီမြို့တွင် ပြီးခဲ့သည့် မေလဆန်းမှာ ချင်းကာကွယ်ရေး တပ်ဖွဲ့- မတူပီက ဗျူဟာမှူး ၁ ဦးကို ပစ်ခတ် ရှင်းလင်းပြီးနောက် ဒေသခံများကို စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။
မတူပီမြို့ လောင်ဗန်း ရပ်ကွက်တွင် နေထိုင်သော သားဖြစ်သူနှင့် အသက် ၆၀ ကျော်ရှိ မိဘနှစ်ပါး တို့ကို မေလ ၂၃ ရက်နေ့ ည ၉ နာကျော်တွင် စစ်ကောင်စီက နေအိမ်သို့ လာရောက်ဖမ်းဆီးသွားသလို အနောက် ခိုဘွေရပ်ကွက်တွင် နေထိုင်သော လင်မယား နှစ်ဦးကိုလည်း ထိုညတွင်ပင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစု အသိုင်းအဝိုင်းက ပြောသည်။
ဒေသခံ အမျိုးသမီး တစ်ဦးကလည်း“အနောက်ခိုဘွေ ရပ်ကွက်နေ လင်မယားနှစ်ဦးရဲ့ သားဖြစ်သူက မတူပီကနေ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့မှာ ရန်ကုန်မြို့ကို ဆင်းသွားတဲ့အချိန် မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမဂိတ် အရောက်မှာပေါ့၊ စစ်ကောင်စီ တပ်က မှတ်ပုံတင်နဲ့ ဖုန်းကို စစ်ဆေးပြီး ဖမ်းဆီးသွားတယ်။ သူ့သားနဲ့ ပတ်သက်ပြီး သူ့မိဘနှစ်ပါးကို ဖမ်းဆီးသွားတာလား မပြောတတ်ဘူး”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
မကွေးတိုင်း ဆိပ်ဖြူမြို့တွင် ဖမ်းဆီးခံရသော အဆိုပါ မတူပီ ဒေသခံ အမျိုးသားသည် မတူပီမြို့ Union Theological College (UTC ) ကျမ်းစာကျောင်းတွင် ပထမနှစ် တက်ရောက်နေသူ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်က မတူပီမြို့ပေါ်ရှိ ပြည်သူများကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မည်သည့်ကိစ္စကြောင့် ဖမ်းဆီးသည်ကို မသိရသေးကြောင်း၊ ဒေသခံပြည်သူများကို မကြာခဏ အကြောင်းမဲ့ ဖမ်းဆီးမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် မကြာသေးခင်က မတူပီမြို့ပေါ်တွင် ပြည်သူ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သတင်း ထွက်ပေါ်နေပြီး ၎င်းသတင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ် အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပါ။
အဆိုပါ ဗျူဟာမှူး အသတ်ခံရသော နေရာ အနီးတစ်ဝိုက်ကို စစ်ကောင်စီက အနီရောင်နယ်မြေ အဖြစ် သတ်ထားကြောင်း၊ အနီးရှိ ခြံပိုင်ရှင်များ အနေဖြင့် မိမိခြံဝန်းများသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် အခက်ကြုံနေရကြောင်းလည်း သိရသည်။
မေလ ၅ ရက်နေ့ ညနေ ၄ နာရီခန့်က မတူပီမြို့နယ်တွင် စစ်ကောင်စီတပ် ဗျူဟာမှူး လိုက်ပါလာသော မော်တော်ယာဉ် ၁ စီးကို ချင်းကာကွယ်ရေး တပ်ဖွဲ့- မတူပီက (CDF-Matupi) စောင့်ကြို တိုက်ခိုက်ရာ ၎င်းယာဉ်တွင် လိုက်ပါလာကြသော ဗျူဟာမှူး ဗိုလ်မှူးကြီး အပါအဝင် ဗိုလ်မှူး ၁ ဦးနှင့် ယာဉ်မောင်း ၁ ဦးတို့ သေဆုံးခဲ့ကြောင်း CDF-Matupi က ဧရာဝတီ တိုင်းမ် ကို ပြောဆိုထားသည်။
မတူပီမြို့တွင် စစ်ကောင်စီတပ် စစ်ဗျူဟာ၊ ခလရ ၁၄၀ တပ်ရင်းနှင့် ခမရ ၃၀၄ တပ်ရင်းတို့ တပ်စွဲထားပြီး ဒေသ ကာကွယ်ရေး တပ်နှင့် စစ်ကောင်စီ တပ်တို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားကြောင်းလည်း သိရသည်။
#မတူပီ #စစ်ကောင်စီတပ် #ဗျူဟာမှူး #အသတ်ခံရပြီးနောက် #ဒေသခံများကို #ဖမ်းဆီးမှုများ #ဆက်တိုက်လုပ်ဆောင်လာ
#Ayeyarwaddy_Times