ဧရာဝတီတိုင်းမ်
(ယင်းမာပင်)၊ မေလ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာ(ပျူစောထီးစခန်း)သို့ စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်းအား ယမန်နေ့ မေလ ၂၅ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုက်ဂါး-CTPDFထံမှ သိရသည်။
ကနီမြို့နယ်အတွင်းသို့ လှည့်လည်စစ်ကြောင်းထိုးခဲ့သည့် အင်အား ၂၀၀ ဝန်းကျင်ပါ အဆိုပါစစ်ကြောင်းအား ဘန့်ဘွေးပျူစောထီးစခန်းသို့ ပြန်လာရာလမ်းတွင် တိုက်မိုင်း ၃ လုံးဖြင့်တစ်ကြိမ်၊ ပဒေသာမိုင်း ၁၂ လုံးဖြင့်တစ်ကြိမ် ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးဝန်းကျင် ထိခိုက်သေဆုံးနိုင်ကြောင်း သိရသည်။
“မိုခါမုန်တိုင်းတိုက်နေတုန်း ကနီဘက်ကိုစစ်ကြောင်းထိုးတဲ့ အဖွဲ့တွေပြန်ဝင်လာတာ။ ညနေ ၃ နာရီဝန်းကျင်လောက်မှာတော့ ဘန့်ဘွေးသုသာန်ဘက်မှာ သေနတ်ဖောက်သံတွေကြားရတယ်။ သေသွားတဲ့တပ်သားတွေကို အမိန့်ပြန်သေနတ်ပစ်ဖောက်ပြီး သင်္ဂြိုလ်နေတယ်လို့ သိရတယ်။” ဟု ချင်းတွင်းတိုက်ဂါး-CTPDF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီးသင်္ဂြိုလ်မှုများပြုလုပ်ပြီးနောက် အဆိုပါစစ်ကြောင်းမှာ ညနေ ၄ နာရီဝန်းကျင်တွင် ရွှေတောင်ဦးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်းလည်းသိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ မိုခါမုန်တိုင်းကာလအတွင်း အင်အားအများအပြားဖြင့် ယင်းမာပင်နှင့်ကနီမြို့နယ်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်အတွက် ဒေသခံ ၁၅၀၀၀ ဝန်းကျင်မှာ စစ်ဘေးရှောင်တိမ်းခဲ့ရကြောင်း သိရသည်။
တိုက်ခိုက်မှုအား ချင်းတွင်းတိုက်ဂါး-CTPDFနှင့် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး ဗိုလ်ဆံရှည်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီမှစစ်ကြောင်းထိုးမှုများကို ပြန်လည်ခုခံတိုက်ခိုက်နိုင်ရန်အတွက် လိုအပ်သည့်လက်နက်ခဲယမ်းများဝယ်ယူနိုင်ရန် ပြည်သူများ အနေဖြင့်တက်နိုင်သည့်ဘက်မှ ကူညီကြရန်လည်း ချင်းတွင်းတိုက်ဂါးအဖွဲ့မှ ပြောဆိုထားပါသည်။
ဓာတ်ပုံ – ချင်းတွင်းတိုက်ဂါး-CTPDF
#ယင်းမာပင် #စစ်ကြောင်းထိုး #မိုင်းဆွဲတိုက်ခိုက် #စစ်ကောင်စီ #Ayeyarwaddy_Times