ဧရာ၀တီတိုင်းမ်
မေလ ၂၅ ရက်
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ကျောက်မောရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲကင်းစခန်းကို ယမန်နေ့ မေလ ၂၄ ရက်နေ့တွင် ABSDF မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်ကြီး အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ပြီး သေနတ် ခြောက်လက် သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါရဲကင်းစခန်းကို ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် စတင်၍ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီ ၄၅ မိနစ်တွင် စခန်းကို ဝင်ရောက် စီးနင်း သိမ်းပိုင်နိုင်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-မြောက်ပိုင်း (Nothern ABSDF) က ယနေ့ မေလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
စခန်းကို ဝင်ရောက် စီးနင်းရာတွင် စခန်းအတွင်းရှိ အမျိုး သမီး သုံး ဦးနှင့် ကလေး နှစ် ဦး ကို ပြန်လွှတ်ပေးခဲ့ပြီး BA- 63 (G-3) လေး လက်၊ BA-64 (G-4) တစ်လက်၊ BA-93 အူဇီ တစ် လက် ၊ ကျည်ကဒ် ကိုး ကဒ် ၊ ကျည်ဆံ ၆၅၀ နှင့် လက်ပစ်ဗုံး သုံး လုံး အပါအဝင် ရဲ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကျောက်မောဂိတ်တွင်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ရဲများနှင့် စစ်ကောင်စီတပ် သားများသည် ဖြတ်သွားဖြတ်လာယာဥ်များနှင့် အနီးအနားရှိ လုပ်ငန်းရှင်များထံမှ ပိုက်ဆံ တောင်းယူခြင်း၊ ရိက္ခာအတင်းတောင်းယူခြင်းများပြုလုပ်လေ့ရှိကြောင်း ဒေသခံ ပြည်သူများမှတိုင်ကြားလာ၍ သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Nothern ABSDF ကဆိုထားသည်။
ဓာတ်ပုံ – Nothern ABSDF
#ရှမ်းပြည်မြောက်ပိုင်း #မိုးမိတ်မြို့နယ် #ကျောက်မောဂိတ် #ရဲကင်းစခန်း #NothernABSDF #ဝင်ရောက်တိုက်ခိုက် #ရဲတပ်ဖွဲ့ဝင်၄ဦးသေ #Ayeyarwaddy_Times