နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၂၆ ရက်

မကွေးတိုင်းအတွင်း အခြေပြုလှုပ်ရှားသည့် Warriors Of Liberation Force(W.O.L.F)၏ တပ်ရင်းမှူးဖြစ်သူ CDM ဗိုလ်ကြီး ဆိုင်ဂုံနှင့် တပ်ဖွဲ့ဝင် ရဲဘော် ခြောက် ဦးတို့ကို သူလျှိုအဖြစ် စွပ်စွဲဖမ်းဆီးထားမှုအပေါ် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ထံက သိရသည်။

အဆိုပါ CDM ဗိုလ်ကြီး သူရိန်ဝင်း(ခ)ဆိုင်ဂုံနှင့် တပ်ဖွဲ့ဝင် ရဲဘော် ၆ ဦးတို့ကို ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နယ်မြေတွင် ပြည်သူ့ စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB) လက် အောက်ခံ မိုးကြိုးပျောက်ကျားတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီ့ကိစ္စက KIA နယ်မြေထဲမှာ ဖြစ်တာဖြစ်ပြီး ဖမ်းဆီးထားတဲ့အဖွဲ့အစည်းက MOD(ကာကွယ်ရေးဝန်ကြီးဌာန) ရဲ့ Chain of Command(ကွပ်ကဲမှု) အောက်မှာမရှိတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ ဒါပေမယ့် တော်လှန်ရေး အင်အားစုတွေ အချင်းချင်းကြားဖြစ်တဲ့ ကိစ္စ ဖြစ်တာကြောင့် MOD အနေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး မဖြစ်သင့်တာတွေ မဖြစ်ရအောင် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်” ဟု ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

W.O.L.F တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်၍ “ပြည်သူ့စစ်မဟာဗျူ ဟာအကြံပေးဗျူရို (PMSAB)၏ မသမာသော လုပ်ရပ်များနှင့် မတရားဖမ်းဆီး ညှင်းပမ်းနှိပ်စက် သက်သေထွက်ဆိုခိုင်းခြင်းနှင့် ဆက်စပ်၍” ဆိုသည့် ကြေညာချက်တစ်စောင်ကို မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး NUG နှင့် KIA ထံသို့ လွှဲပြောင်းစစ်ဆေးရန်၊ NUG ထံမှ အစိုးရရှေ့နေများရှေ့တွင် ကြားနာစစ်ဆေးရန် မိုးကြိုးပြောက်ကျား အဖွဲ့ဝင်‌ ဟောင်းများဖြင့် ပြန်လည်ဖွဲ့စည်းထားသည့် Warriors Of Liberation Force(W.O.L.F)က တောင်းဆိုထားသည်။

“ကျွန်တော်တို့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ရဲ့ အမည်သုံးပြီးတော့ လျှို့ဝှက် ဝင်ရောက်လာတယ်။ သူ(CDM ဗိုလ်ကြီးဆိုင်ဂုံ) အပါအဝင် ခုနစ် ဦးထံကနေ လက်နက် ခဲယမ်းတွေ၊ ဗုံးသီးတွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ လိုင်းပေါ်မှာ ပျံ့နှံ့ နေတဲ့ KIA က ဖမ်းဆီးထားတယ် ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့ မိုးကြိုးပျောက်ကျား ဗဟိုစစ်ကော်မရှင်ကနေ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ သူ့ရဲ့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ၄၀၄ တပ်ရင်းကို ရောက်ရှိလာတဲ့အချိန်မှာ ကျွန်တော်တို့ ဖမ်းဆီးထားခြင်း ဖြစ်ပါတယ်” ဟု မိုးကြိုးပြောက်ကျားတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ CDM ရဲအုပ် ခွန်အောင်ကိုကိုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ဆေးဆဲကာလဖြစ်ပြီး စစ်ဆေးချက်နှင့် ပတ်သက်၍ ပြည်သူလူထုကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားရန် ဆောင်ရွက်နေသလို ပြည်သူလူထုအနေဖြင့် အချိန်အတိုင်းအတာတစ်ခုထိ စောင့်ဆိုင်းပေးစေလိုကြောင်း မိုးကြိုးပြောက်ကျားတပ်ဖွဲ့က ဆိုထားသည်။

“ကျွန်တော်တို့ ၄၀၄ နယ်မြေမှာ ထိန်းသိမ်းထားစဉ် စစ်ကြောတဲ့အခါမှာ သူက နေပြီးတော့ ကိုယ်ကျိုးအတွက် လက်နက်ခဲယမ်း အရောင်းအဝယ် ပြုလုပ်ဖို့ စီစဉ် ဆောင်ရွက်ထားခဲ့တာတွေကို တွေ့ရပါတယ်။ ဒါ့အပြင် ကျွန် တော်တို့ရဲ့ ဘဏ္ဍာရေးမှူး ဖြစ်တဲ့ KT နဲ့ ပူးပေါင်းကြံစည်ပြီးတော့ လက်နက်ခဲယမ်း ရောင်းဝယ်မယ်။ ရောင်းဝယ် ပြီးတော့ ထိုင်းနိုင်ငံကို ထွက်ပြေးမယ်လို့ သူတို့ စီစဉ်ဆောင်ရွက်ထားတဲ့ အဓိက အချက်တွေကို အခုလောလောဆယ် စစ်ဆေးတွေ့ရှိထားပါတယ်” ဟု မိုးကြိုးပြောက်ကျားတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ CDM ရဲအုပ် ခွန်အောင်ကိုကိုက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် ဥပဒေမဲ့ လုပ်ရပ်များကို ဆောင်ရွက်မည်မဟုတ်ကြောင်း၊ ပြစ်မှု ကျူးလွန်သူကို ကျူးလွန်သည့် အထိုက်အလျောက် စစ်ဆေးပေါ်ပေါက်မှုများအား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မိုးကြိုးပျောက်ကျားတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ CDM ရဲအုပ် ခွန်အောင်ကိုကိုက ဆိုသည်။

မိုးကြိုးပျောက်ကျားတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသည် CDM ဗိုလ်ကြီး သူရိန်ဝင်း(ခ)ဆိုင်ဂုံအား စစ်ဆေးမေးမြန်းခဲ့ရာတွင် ဖိအားပေးပြောဆိုခိုင်းသည်ဟု ယူဆရသည့် မသင်္ကာဖွယ်ရာ အချက်များတွေ့ရှိခဲ့ရပြီး အဆိုပါ ကိစ္စရပ်ထဲမှ ဖြစ်စဥ်တစ်ခုမှာ CDM ဗိုလ်ကြီး ဆိုင်ဂုံသည် လက်နက်ရောင်းစားရန်အတွက် ဒုတိယတပ်ရင်းမှူးနှင့် ရဲဘော်စာကလေးအား တိုင်ပင်သည်ဟု ထွက်ဆိုခဲ့ခြင်းဆိုသည့် အချက်ဖြစ်ကြောင်း W.O.L.F တပ်ဖွဲ့က တုံ့ပြန်ထားသည်။

“လက်နက်ရောင်းစားဖို့ ဆိုတဲ့ကိစ္စမှာ အဓိကပြောချင်တာက သူတို့(PMSAB) ဆိုလိုတာကတော့ ကျွန်တော် (Alpha one) ဒုတပ်ရင်းမှူးနဲ့ ရဲဘော်စာကလေးကိုပါ။ ကျွန်တော် တို့အနေနဲ့ လက်ရှိအထိ သူ(CDM ဗိုလ်ကြီး ဆိုင်ဂုံ)နဲ့ လုံးဝတိုင်ပင် ဆွေးနွေးထားတာမျိုး မရှိခဲ့ဘူး။ ဒီကိစ္စဟာ လုံးဝကိုပဲ ဖိအားပေး ထွက်ဆိုခိုင်းထားတာလို့ ကျွန်တော်တို့က ပြောချင်တယ်။ ဒီလိုဖိအားပေး ပြောဆိုခိုင်းထားတယ် ဆိုတာကိုလည်း ကျွန်တော်တို့မှာ သက်သေရှိပါတယ်” ဟု W.O.L.F၏ ဒုတိယတပ်ရင်းမှူး Alpha one က ဧရာ၀တီတိုင်းမ်းကို ပြောသည်။

အဆိုပါ လက်နက်များကို သရက်ခရိုင် တပ်ရင်း(၄)နှင့် မင်းတုန်း ပကဖအဖွဲ့ဝင် ကိုဇော်ဂျီထံ ရောင်းချမည်ဟု ဖိအားပေးထွက်ဆိုခဲ့ပြီး ထိုသို့ထွက်ဆိုခဲ့သော အချက်အလက်များနှင့် ပတ်သက်ပြီး တပ်ရင်းရှိ မည်သူ့ကို မျှ ထုတ်ဖော်ပြောဆိုခြင်း၊ ဆွေးနွေးတိုင်ပင်ခဲ့ခြင်း အလျဉ်းမရှိခဲ့ကြောင်းနှင့် ဖိအားပေးထွက်ဆိုခိုင်းခြင်းသည် NUG-MOD တပ်ရင်းနှင့် ပကဖ အဖွဲ့ဝင်များအား ပြည်သူလူထုယုံကြည်မှု ကျဆင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု W.O.L.F တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် တတိယနိုင်ငံများတွင် အခြေစိုက်သည့် ၈၈-မျိုးဆက် ဦးမောင်မောင်ဝမ်း၊ CDM စစ်ဆေးဗိုလ်ကြီး မင်းမောင်မောင် ဦးဆောင်၍ CDMer များဖြင့် ဖွဲ့စည်းထားသော ပြည်သူ့စစ်မဟာဗျူဟာအကြံ ပေးဗျူရို (PMSAB) အဖွဲ့ဝင်များနှင့် W.O.L.F တပ်ဖွဲ့ဝင်များသည် မေလ ၂၄ ရက်နေ့က အွန်လိုင်းမှ တစ်ဆင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲတွင် ပထမဆုံးအနေဖြင့် PMSAB အဖွဲ့ဝင်များမှ ၎င်းတို့သည် စစ်တပ်တစ်တပ်ကို ထူထောင်ကွပ်ကဲနေသူများဖြစ်ကြောင်း မိတ်ဆက်ခဲ့သလို PMSAB အနေဖြင့် ငွေကြေးထောက်ပံ့ခဲ့သည့်အတွက် ဗဟိုစစ်ကော်မရှင်အဖြစ် ခံယူထား ကြောင်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို မြေပြင်ရဲဘော်များမှ လိုက်နာရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု W.O.L.F တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ အရင်က သိထားတာက ဒီ PMSAB အဖွဲ့ကြီးက ကျွန်တော်တို့တွေကို ငွေရေးကြေးရေး ထောက်ပံ့မယ်၊ လက်နက်ထောက်ပံ့မယ်ဆိုတဲ့ ပုံစံမျိုးပဲ သိထားတာ။ နောက်ပိုင်းမှာ အာဏာရှင်ဆန်ဆန် အမိန့်ပေးလာတာတွေ ဖြစ်လာတာဗျ။ ဗဟိုစစ် ကော်မရှင် ဖွဲ့စည်းတယ်ဘာညာတွေက ကျွန်တော်တို့ အောက်ခြေက ရဲဘော်တွေ ဘာမှမသိရဘူး၊ ဘာမှတိုင်ပင်တာ မရှိပါဘူး” ဟု W.O.L.F တပ်ဖွဲ့မှ ဒုတိယတပ်ရင်းမှူး Alpha one က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“CDM ဗိုလ်ကြီး ဆိုင်ဂုံကို တစ်လကျော်ကြာ လူမသိသူမသိ ဖမ်းဆီးစစ်ဆေးခံရမှုအား ပွင့်လင်းမြင်သာမှုရှိရှိ တရားဝင်စစ်ဆေးရန်အတွက် အားလုံးဝိုင်းဝန်း တောင်းဆိုရန်လိုပြီး တော်လှန်ရေးထဲက လူတစ်ယောက်ကို သူလျှိုဖြစ်ကြောင်း တရားဝင်စွပ်စွဲပါက စွပ်စွဲ ခံရသူ၏ ဖြေရှင်းခွင့်၊ ချေပခွင့်သည်လည်း တရားဝင်ဖြစ်ရန်လိုသည်” ဟု CDM ဗိုလ်ကြီး Captain Zero က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် အသိပေးထားသည်။

“ဒီအချက်အလက်တွေအပေါ် အခြေခံပြီးမှသာ တရားစီရင်ခွင့်ရှိရမယ်။ ဒီလိုမှမဟုတ်ရင် စစ်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းနဲ့မခြားတဲ့ အာဏာရှင်တွေ ထပ်မံပေါ်ပေါက်လာ လိမ့်မယ်။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ တရားဝင်ထုတ်ဖော် တောင်းဆိုထားတာပါ။ ဒါမှသာ ဘယ်သူမှန်တယ် မှားတယ်ဆိုတဲ့အဖြေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဘယ်သူ့ဘက်ကမှ လိုက်ပြောတာမဟုတ်ပါဘူး၊ ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေး တစ်ခု လိုအပ်တဲ့အတွက်ပါ” ဟု ဗိုလ်ကြီး Captain Zero က ဆိုထားသည်။

တပ်ရင်းမှူး CDM ဗိုလ်ကြီး ဆိုင်ဂုံသည် စစ်အာဏာသိမ်းပြီး သုံးလ အကြာတွင် စစ်ကောင်စီတပ်ကို စွန့်ခွာ၍ ပြည်သူနှင့်အတူ ရပ်တည်ကာ KNU တပ်မဟာ (၇) ထိန်းချုပ်နယ်မြေမှတဆင့် စစ်ကောင်စီတပ်အား လက်နက်ကိုင် တော်လှန်ရန်အတွက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် မကွေးတိုင်းအတွင်း ပြန်လည်ဝင်ရောက် အခြေချခဲ့ပြီး အင်အား ခုနစ်ဦးဖြင့် မိုး‌ကြိုးပျောက်ကျားတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သလို တပ်ရင်း အင်အားအဆင့်ဖြစ်လာအောင် စည်းရုံး ဦးဆောင်တည်ထောင်ခဲ့ကြောင်း W.O.L.F တပ်ဖွဲ့ ထံက သိရသည်။

“အမှုက မတရားကြောင်း ပိုပေါ်လွင်လာပါပြီ။ ဗိုလ်ကြီးသူရိန်ဝင်း(ဆိုင်ဂုံ)ဟာ MOD လက်အောက်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ညှင်းပန်းနှိပ်စက်ထားခံရပုံ ပေါ်တယ်လို့လည်း သူ့အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ ရှေ့နေနဲ့ပေးတွေ့ဖို့ တောင်းဆိုခဲ့ပေမယ့် ပေးမတွေ့ဘူးလို့ သိရပါတယ်။ ရှေ့နေ့ခေါ်ခွင့် မပေးတာကြောင့် မတရားဖမ်းဆီးထားကြောင်း ပိုပြီးပေါ်လွင်လာပါပြီ။ အစိုးရရှေ့နေနဲ့ ပေးမတွေ့တာဟာ ညှင်းပန်းနှိပ်စက်ထားလို့ ပေးမတွေ့ရဲတာလို့ ယူဆရပါတယ်” ဟု CDM ဗိုလ်ကြီး ညီသုတက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၁၄ ရက်နေ့က ရေးသားထားသည်။

မိုးကြိုးပျောက်ကျားတပ်ဖွဲ့၏ ဧပြီလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် တပ်ရင်းမှူး CDM ဗိုလ်ကြီး ဆိုင်ဂုံသည် တပ်ဖွဲ့၏ မူလရည်ရွယ်ချက်နှင့် သွေဖယ်လျက်ရှိသလို စတင်စုဖွဲ့မှုကာလမှ ယနေ့အထိတော်လှန်ရေးအတွက် ထိခိုက်စေသည့် အပြုအမူ များအား ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာသည်ကို စိစစ်တွေ့ရှိရသောကြောင့် PMSAB နှင့် မိုးကြိုးပျောက်ကျားတပ်ဖွဲ့မှ တရားဝင် ထုတ်ပယ်လိုက်ကြောင်း ဖော်ပြခဲ့သည်။

ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB)မှ ဖွဲ့စည်းထားသည့် ဗဟိုစစ်ကော်မရှင် အဖွဲ့ ဦးဆောင်သူများသည် ၎င်းတို့နှင့် သဘောထားကွဲလွဲသည့် မိုးကြိုးပျောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူးဟောင်း CDM ဗိုလ်ကြီး ဆိုင်ဂုံအား မဟုတ်မမှန် အချက်အလက်များဖြင့် စစ်ကောင်စီဒလန်ဟု စွပ်စွဲကာ မြေပြင်တော်လှန်ရေးအင်အားစုများထံ သွေးခွဲတိုင်ကြား ချက်များ ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟုလည်း W.O.L.F က ဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၅ ရက်တွင် ဦးမောင်မောင်ဝမ်း နှင့် CDM ဗိုလ်ကြီး မင်းမောင်မောင်တို့သည် တပ်ရင်းမှူး ဆိုင်ဂုံအား ဖယ်ရှားရန် မင်းမင်း(ငဖဲ)ဆိုသူအား စေလွှတ်ခဲ့သော်လည်း မိုးကြိုးပျောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များမှ လက်မခံ သောကြောင့် အခြားသောနည်းလမ်းများဖြင့် စွပ်စွဲလုပ်ဆောင်မှုများ ထပ်မံလုပ်ဆောင် လာခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ထိုသို့အခြေအနေများကြောင့် မိုးကြိုးပျောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူးဟောင်း ဆိုင်ဂုံ (CDM ဗိုလ်ကြီး)နှင့် တပ်ဖွဲ့ဝင်ရဲဘော် ခြောက်ဦးသည် မြေပြင်အခြေအနေများအား ဖြေရှင်းတင်ပြရန်အတွက် မတ်လ ၂၈ ရက်တွင် ကချင်လွတ် မြောက်ရေးတပ်မတော် (KIA)သို့ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု W.O.L.F တပ်ဖွဲ့ထံက သိရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ မြန်ဆန်တိကျသည့် စစ်ဆေးဖြေရှင်းမှု အမြန်ဆုံး ပေါ်ပေါက်စေပြီး သတင်းပျောက်သွားခြင်းမျိုး မဖြစ်စေရန် ဆုတောင်းနေသလို လက်ရှိတွင် ထဲထဲဝင်ဝင် စေ့စပ်ဖြေရှင်း စုံစမ်းညှိနှိုင်းနေသည်ဟု သိရကြောင်း စစ်နည်းဗျူဟာ ကျွမ်းကျင်သူ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

“ကိုဟိန်းသော်ဦးလို သတင်းအစအန ပျောက်မသွားတာဘဲ တစ်ချက် ကံကောင်းတယ် ခင်ဗျ။ စပိုင်မဖြစ်နိုင်ဖို့တော့ များပါတယ်။ အစောပိုင်း CDM ဝင်ခဲ့တဲ့သူတွေမို့ ပြောတာပါ။ တစ်ခုထပ်ပြီး ပြောရမယ်ဆိုရင် တပ် CDM တွေ အနေနဲ့ လက်နက်ပြန်ကိုင်ဖို့ မသင့်ဘူးလို့ ထင်တယ်ခင်ဗျ။ တကယ်တိုက်မယ့်သူတွေက များပါတယ်။ လက်နက်ဘဲလိုနေတာ CDM လုပ်ပြီး ဘာမှမလုပ်နဲ့လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ သတင်းယူတာတို့ ကိုယ်သိတာတွေ မျှဝေတာတို့မျိုးဘဲ လုပ်ပေါ့နော်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် CDM ဗိုလ်ကြီးများဖြစ်သည့် ညီသုတ၊ လင်းထက်အောင်နှင့် Captain Zero တို့ကလည်း ၂၀၂၁ အစောပိုင်းမှစပြီး CDM ဝင်ခဲ့သော CDM ဗိုလ်ကြီးတစ်ဦးအပါအဝင် ရဲဘော် ခုနစ် ဦးအား KIA နယ်မြေတွင် သူလျှိုအဖြစ် တစ် လကျော်ကြာ စွပ်စွဲ ဖမ်းဆီးခံထားရမှုအား ပွင့်လင်းမြင်သာစွာ စုံစမ်းဖြေရှင်းပေးပါရန် KIA တပ်မတော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအား တောင်းဆိုအပ်ပါသည်ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ဓာတ်ပုံ – W.O.L.F
ပုံစာ – CDM ဗိုလ်ကြီးအပါအဝင် ၇ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုဆန္ဒပြနေစဉ်

#CDMဗိုလ်ကြီးဆိုင်ဂုံ #W.O.L.F #ဖမ်းဆီး #မိုး‌ကြိုးပျောက်ကျားတပ်ဖွဲ့ #PMSAB #NUG #Ayeyarwaddy_Times