ဧရာဝတီတိုင်းမ်
မေလ ၂၅ ရက်

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်က မေလထဲမှာ ဒေသခံပြည်သူ ၆၀ ကျော်ကို PDF တွေနဲ့ ဆက်သွယ် ပြီး ထောက်ပို့ပေးတယ်ဆိုကာ စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းက မစ်ရှင်တွေဖော်ဆောင်ထားတဲ့ ဟင်္သါတ၊ ပုသိမ်၊ ငပုတောနဲ့ မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံပြည်သူတွေ ဖမ်းဆီးခံထားရတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

” အဓိကတော့ လူငယ်တွေကို ဖမ်းတာ၊ သံသဃရှိလို့ ဖမ်းပြီး စစ်ဆေးတဲ့သဘောပါ၊ ဘာမှမလုပ်ထားရင်တော့ ပြန်လွှတ်ပေးပါတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စွပ်စွဲဖမ်းဆီးတာခံထားရတဲ့ ဒေသခံပြည်သူတွေထဲမှာ ဟင်္သါတနဲ့ မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံတွေအများဆုံးပါဝင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကတော့ မစ်ရှင်တွေဖြစ်ပေါ်တဲ့ မြို့နယ်တွေမှာ ဒေသခံလူငယ်တွေနဲ့ ငွေကြေးတက်နိုင်သူတွေကို စွပ်စွဲဖမ်းဆီးပြီး ငွေတောင်းယူကာ ပြန်လွှတ်ပေးလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။