ဧရာဝတီတိုင်းမ်
(ကချင်)၊ မေလ ၂၅ ရက်

ကချင်ပြည်နယ် ရွှေကူ မြို့နယ် နှင့် ပူတာအို မြို့နယ်တွင် ငှက်ဖျား ရောဂါ ဖြစ်ပွားနေပြီး ကျေးရွာ အများစုတွင် ဆေးဝါး ပြတ်လပ်မှု အခက်အခံများ ကြုံတွေ့နေရကြောင်း သိရသည်။

စစ်ကောင်စီ တပ်က စစ်ကြောင်း ထိုးမှုများနှင့် လမ်းခရီး အခက်အခဲများကြောင့် ဆေးဝါး ပြတ်လပ်မှု အခက်အခဲများ ကြုံတွေ့ရခြင်း ဖြစ်ကြောင်း CDM ကျန်းမာရေး ဝန်ထမ်း တစ်ဦးကလည်း ပြောသည်။

ရာသီ အကူးအပြောင်း ကာလအတွင်း ကချင်ပြည်နယ်ရှိ ကျေးရွာအများစုနှင့် ပူတာအို၊ ရွှေကူ မြို့နယ်များရှိ ကျေးရွာ များတွင် ငှက်ဖျား ရောဂါနှင့် ရာသီတုပ်ကွေး ဖြစ်ပွားမှု များနေပြီး ငှက်ဖျားဆေးများနှင့် ကိုဗစ် စစ်ဆေးသည့် RDT-Test kits များလည်း ပြတ်လပ်မှု ရှိနေရာ ဒေသခံ အများစုမှာ ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရသည် ဟုလည်း ဆိုသည်။

“ငှက်ဖျား ရောဂါ ဖြစ်ပွားမှုက မထိန်းချုပ်နိုင်တော့ဘူး။ လက်ရှိမှာ လူနာ ဆယ်ယောက်ကို သွေးဖောက် စစ်လိုက်ရင် ငါးယောက်လောက်မှာ ငှက်ဖျားရောဂါ ဖြစ်နေတယ်။ ဆေးကလည်း ပြတ်နေတော့ မြို့ပေါ်အထိပါ ကူးစက်တဲ့ အခြေအနေ ဖြစ်နေပြီ”ဟု ရွှေကူမြို့နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် CDM ကျန်းမာရေး ဝန်းထမ်း တစ်ဦး ကလည်း ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

စစ်ကောင်စီ အာဏာမသိမ်းခင် အချိန်က ကျေးလက် ကျန်းမာရေး ဌာများတွင် အစိုးရ စီမံချက်များဖြင့် ငှက်ဖျားဆေးများ အလွယ်တကူ ရရှိနိုင်သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် ကျေးလက် ကျန်းမာရေး ဌာနများလည်း ပိတ်သွားခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများ လာရောက်ခြင်း မရှိတော့သည့် အတွက် ဆေးဝါး ပြတ်လပ်မှုများ ကြုံတွေ့နေရခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။

ပူတာအို ဒေသခံ အမျိုးသား တစ်ဦးကလည်း“မြို့ပေါ်မှာတော့ ငှက်ဖျားဆေးက ဝယ်လို့ရသေးတယ်။ ဒါပေမယ့် ဈေးက ပုံမှန်ထက် နှစ်ဆလောက် များနေတယ်။ ရွာတွေဘက်မှာတော့ ဆေးတွေ ပြတ်နေတယ် ကြားတယ်။ မြို့ပေါ်က ဆေးရုံတွေမှာတော့ ရာသီတုပ်ကွေးတွေ၊ ငှက်ဖျားကြောင့်တွေနဲ့ ဆေးရုံတင်ထားရတဲ့ သူတွေ၊ ကလေးတွေ အများကြီးပဲ။ ရွာတွေဘက်ကလည်း လာနိုင်တဲ့သူက လာပြီး၊ မတက်နိုင်တဲ့ သူတွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ကုနေရတယ်”ဟု ပြောသည်။

အဆိုပါ ရွှေကူနှင့် ပူတာအို မြို့နယ်များမှ ဒေသခံ အများစုမှာ ဆေးဝါး အခက်အခဲများကြောင့် ရရှိသည့် ဆေးမြီးတို များဖြင့်သာ ကုသနေရကြောင်းလည်း သိရှိရသည်။

ထို့ပြင် ရာသီအကူးအပြောင်း ကာလအတွင်း တောတောင် ထူထပ်သည့် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် စသည့် ဒေသများမှ မြို့နယ်တစ်ချို့တွင် ငှက်ဖျားရောဂါများ ဖြစ်ပွားနေကြောင်းလည်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် အရှေ့တောင်အာရှသည် ငှက်ဖျား ရောဂါ အဖြစ်အများဆုံး ဒုတိယမြောက်ဖြစ်ပြီး ၂၀၂၀ မှ ၂၀၂၁ ခုနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှု ၄ သိန်းကျော် အနက် ထက်ဝက်ခန့်မှာ မြန်မာနိုင်ငံမှ ဖြစ်သည်ဟုလည်း ဆိုသည်။
#ကချင်ပြည် #ရွှေကူနှင့်ပူတာအို #ငှက်ဖျား #ဖြစ်ပွားနေပြီး #ဆေးဝါးပြတ်လပ် #အခက်အခဲများရှိနေ
#Ayeyarwaddy_Times