ဧရာဝတီတိုင်းမ်
မေလ ၂၅ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေလ ၂၄ ရက်နေ့ ညပိုင်းက လုံးခင်းကျေးရွာအုပ်စုထဲက ဟိုတယ် တစ်လုံးကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းကျေးရွာ အုပ်စု၊ အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ ဥရုခဟိုတယ်ကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းပြီး အမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့သလို KIA တပ်ဖွဲ့ဝင် ၅ ဦးကိုလည်း ဖမ်းဆီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ လူငယ်တစ်ဦးကိုတော့ပစ်သတ်သွားတယ် အလောင်းကို မမှုံတံတားနားမှာပစ်သွားတယ်၊ ပြီးတော့ KIA တပ်ဖွဲ့ဝင် ၅ ယောက်ကိုလည်း ဖမ်းသွားတယ်၊ ဒီမနက်ပိုင်းမှ ပြန်ထွက်သွားတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေကို ဟိုတယ်ဝင်ရောက်စီးနင်းပြီး မနက် ၅ နာရီခွဲလောက်မှာ အမျိုးသားတစ်ဦးကို မျက်နှာနဲ့ လက်တွေကို တိတ်တွေနဲ့ပတ်ပြီး သေနတ်နဲ့ပစ်သတ်သွားတာလို့ ဆိုပါတယ်။
ခုလိုမျိုး စစ်ကောင်စီတပ်က ဟိုတယ်ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးတာတွေပြုလုပ်တာဟာ ဖားကန့်မြို့နယ် ထဲမှာ စစ်ကောင်စီတပ်ရဲ့ သတင်းပေးတွေ မကြာခဏရှင်းလင်းခံနေရတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတာ KIA တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒေသခံတွေအကြား ပြောဆို မှုတွေ ရှိနေပေမယ့် ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
#ဖားကန့် #ဟိုတယ်ကို #စစ်ကောင်စီတပ်က #ဝင်စီးပြီး #KIA တပ်ဖွဲ့ဝင်၅ဦးကိုဖမ်း #ဒေသခံ၁ဦး #ပစ်သတ်
#Ayeyarwaddy_Times