ဧရာဝတီတိုင်းမ်
မေလ ၂၅ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်မှာ မေလ၂၃ ရက်နေ့ညက လမ်းပိတ်ဆို့စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲများပစ်ခတ်ခံရပြီး ရဲတပ်သား၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း လူငယ်တစ်ဦးကို သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးသွားတာတွေ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

“အဲ့ညက ရေကြည်သံလမ်းကုန်းဘက်မှာ ညဘက်စစ်နေတဲ့ ရဲတွေကိုသေနတ်နဲ့ပစ်သွားတာ။ သေနတ်သံကတော့ ၁၆ ချက်လောက်ကြားလိုက်တယ်။ ရပ်ကွက်ထဲ၀င်ပြေးသွားတယ်ဆိုပြီး စစ်တပ်ရောရဲရောရှာတာ ဗထူးရပ်ကွက်၊ (၁၁)လမ်းထိပ်မှာ လူငယ်တစ်ယောက် ခြေထောက်မှာ သေနတ်ဒဏ်ရာတွေနဲ့ ဖမ်းသွားတာတွေ့တယ်”လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်မှာ ရဲတပ်သား အောင်စည်သူနဲ့ ရဲတပ်သား လင်းထက်ကို တို့ ၂ ဦး သေနတ်ထိမှန်တာ​ကြောင့်ဒဏ်ရာရပြီး လက်ရှိ ဆေးရုံတင်ပို့ထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေကပြောပါတယ်။

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်သူများကို လိုက်လံဖမ်းဆီးရာမှာ ခြေထောက်မှာသေနတ်ဒဏ်ရာနဲ့ လူငယ်တစ်ဦးကို ရပ်ကွက်အတွင်းမှာဖမ်းမိခဲ့ပြီး သူထံကနေ သေနတ်တစ်လက်သိမ်းဆည်းရမိတာလို့ ပြောဆိုပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီဘက်က ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က လာရောက်ပစ်ခတ်တာလို့ ပြောဆိုထားပေမယ့် ပုသိမ်ခရိုင်အတွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုများဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

#ရေကြည် #ညဘက်စစ်ဆေးရေးလုပ်တဲ့ #စစ်ကောင်စီတပ် #ပစ်ခတ်ခံရပြီး၂ဦးဒဏ်ရာရ၊ #အမျိုးသားတစ်ဦးကို #သေနတ်နဲ့ပစ်ခတ်ဖမ်းဆီး #Ayeyarwaddy_Times