နွေဦးမောင် /ဧရာဝတီတိုင်းမ်
(စစ်ကိုင်း)/မေလ၂၅ ရက်

ယက္ခညီနောင် တော်လှန်ရေးတပ်ဖွဲ့သည် ၎င်းတို့ထုတ်လုပ်ထားသည့် လက်နက်များကို ကျေးရွာလုံခြုံရေးအတွက် ယမန်နေ့ မေလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံ ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယက္ခ ညီနောင်တော်လှန်ရေးတပ်ဖွဲ့က ထုတ်လုပ်ထားသည့် ၉-မမ Semi Auto သေနတ် အလက် ၂၀ ကို လုံခြုံရေး အဓိက လုပ်ဆောင်နေရသည့် ကျေးရွာများကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံက သိရသည်။

“ကျေးရွာ ဒေသခံတွေ စစ်ကောင်စီရဲ့ရန်ကို ကာကွယ်နိုင်ဖို့နဲ့ လုံခြုံရေးတာဝန် ထမ်းဆောင်တာမှာ ပိုမိုအဆင်ပြေစေဖို့ ထုတ်ပေးခဲ့တာပါ။ လုံခြုံစိတ်ချရတဲ့နေရာမှာ ပေးအပ်ခဲ့တာပါ။ လုံခြုံရေးအဓိက လုပ်ဆောင်နေရတဲ့ ရွာတစ်ရွာကိုတော့ ၁၅ လက်ပေးခဲ့ပြီး ကျန်တဲ့ ရွာတစ်ရွာကိုတော့ ငါး လက် ပေးအပ်ခဲ့ပါတယ်” ဟု ယက္ခ ညီနောင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယက္ခညီနောင်တော်လှန်ရေးတပ်ဖွဲ့မှ ထုတ်လုပ်ထားသည့် ၉-မမ Semi Auto သေနတ်များသည် ပေ ၁၀၀ အကွာမှနေ၍ ပစ်မှတ်ကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ပြီး ထုတ်လုပ်မှုကုန်ကျ စရိတ်မှာ သေနတ် တစ်လက်လျှင် မြန်မာကျပ်ငွေ နှစ်သိန်း ခန့် ကုန်ကျကြောင်း ယက္ခညီနောင်အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

“ ကျွန်တော်တို့ ထုတ်လုပ်နေတဲ့ သေနတ်တွေကို စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ကျေးရွာတွေဆီ အခါအခွင့်သင့်ရင် သင့်သလို ပေးအပ်နေမှာပါ။ ပြီးခဲ့တဲ့လပိုင်းကလည်း ကျေးရွာအချို့ကို ပေးအပ်ခဲ့တာတွေရှိတယ်” ဟု ယက္ခညီနောင် တော်လှန်ရေးတပ်ဖွဲ့ဝင် က ဆိုသည်။

ကျေးရွာလုံခြုံရေးအတွက် သေနတ်များ လှူဒါန်းပေးလိုသည့် ပြည်သူများအနေဖြင့် PDF – Mandalay Page. မက်ဆင်ဂျာမှတဆင့် ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း ယက္ခညီနောင် တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။

စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်များ၏ နေ့စဉ်စစ်ကြောင်းထိုး ၊ မီးရှို့ဖျက်ဆီး သတ်ဖြတ်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ထိုကြောင့် တော်လှန်ရေးအင်အားစုများသည် ကျေးရွာလုံခြုံရေးနှင့် စစ်ကောင်စီတပ်များ၏ ရန်ကိုကာကွယ်နိုင်ရန်အတွက် လက်နက်မဲ့ ဒေသခံပြည်သူများအား လက်နက်ငယ်များကို ထုတ်လုပ်ဝေငှနေခြင်းဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲများထံက သိရသည်။

ဓာတ်ပုံ-ယက္ခညီနောင်တော်လှန်ရေးတပ်ဖွဲ့
ပုံစာ- ယက္ခညီနောင်တော်လှန်ရေးတပ်ဖွဲ့က ထုတ်လုပ်ထားသည့် ၉-မမ Semi Auto သေနတ်များကို တွေ့ရစဉ်
#စစ်ကိုင်းတိုင်း #ယက္ခညီနောင်တော်လှန်ရေးတပ်ဖွဲ့ #ကျေးရွာအချို့ #လုံခြုံရေး #လက်နက်များပေးအပ် #Ayeyarwaddy_Times