ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မေလ ၂၅ ရက်
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ် ၊အရှေတောနယ်ကပကာရီ ရဲကင်းစခန်း ကို လက်နက်ကြီးနှင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်စုပေါင်း စစ်ကြောင်း မှ တာဝန်ရှိသူထံမှသိရသည်။
မေလ ၂၀ ရက် ည ၇း၁၅ မီနစ် ခန့်အချိန်က ရဲကင်းစခန်း အတွင်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ၆၀ မမ ဗုံးသီး ငါးလုံး ဖြင့် ထားဝယ်စုပေါင်း စစ်ကြောင်းမှသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အဲဒီစခန်းက အင်အားတွေ ထပ်တိုးချထားတာပါ။သူတို့က စစ်ကြောင်းထိုးဖို့ အင်အားလာဖြည့်တင်းထား။အင်အားက များ တယ်။ အဲဒါကြောင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။လက်နက်ကြီး တွေ နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ သည်”ဟု ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column) မှ တာဝန်ရှိသူတစ်ဦးက
ဧရာဝတီတိုင်းမ် ကို ပြောသည်။
ယင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုများစွာ ရှိနိုင်ပြီး သေဆုံးမှုအရေအတွက် အတိကျကိုတော့ မသိရသေးကြောင်း ၄င်းက ဆိုသည်။
ယင်း ဂိတ်စခန်းသည် ထားဝယ်-ထီးခီး လမ်းမပေါ် တွင် ရှိပြီး အဆိုပါဂိတ်မှ စစ်ကောင်စီတပ်သားများသည် လမ်းသွားလမ်းလာ အရပ်သားများနှင့် ကုန်ကားသမားများဆီကနေ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်ကလည်း ပခပ်ကျေးရွာ အနောက်ဘက်လမ်းရှိ တောလမ်းပိုင်း၌ စစ်ကြောင်းထွက်ရန် ကင်းချထားသည့် စစ်ကောင်စီတပ်သားများကို ၆၀ မမ ဗုံးသီး နှင့် နှစ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့သေးကြောင်း ပူးပေါင်းတပ်ဖွဲ့ထံက သိရသည်။ အဆိုပါတိုက်ခိုက်မှုအတွက်လည်း သေဆုံးထိခိုက်သူ အရေအတွက်ကို မသိသေးကြောင်း ပူးပေါင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။
အဆိုပါ တိုက်ခိုက်မှု သုံးကြိမ် စလုံး ကို ထားဝယ်စုပေါင်းစစ်ကြောင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် တော်လှန်ရေး ရဲဘောများဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း သိရသည်။
အဆိုပါပစ်ခတ် တိုက်ခိုက်မှုကို ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column)၊
၊Eastern Defense Force-EDF၊ Dawei
Defense Team – DDT၊ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(DSPDF)ပူးပေါင်းအဖွဲ့တို့ က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြေင်းသိရသည်။
ဓာတ်ပုံ-ထားဝယ်စုပေါင်းစစ်ကြောင်း (Dawei Collective Column)
#ထားဝယ် – ပကာရီ #ရဲစခန်း #ထားဝယ်စုပေါင်းစစ်ကြောင်း #လက်နက်ကြီးပစ်ခတ်တိုက်ခိုက်