ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ မေလ ၂၅ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာ၊ ဦးမောင်ဝင်းခြံလမ်းအား ယမန်နေ့မေလ ၂၄ ရက် ည ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီမှအင်အားအများအပြားသုံး၍ ကန့်လန့်ဖြတ် မြေတူးပြီး ထပ်မံဖျက်ဆီးခဲ့ကြောင်း သိရသည်။
လှည်းလမ်းကူး နှင့်ဆောင်လှိုင်ဂွကျေးရွာအား ဆက်သွယ်ထားသည့်လမ်းအား စစ်ကောင်စီမှ လူအင်အားအများအပြားသုံး၍ မြေတူးစက်များဖြင့် ဖျက်ဆီးသွားခဲ့ပြီး အပြန်လမ်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ အဆိုပါစစ်ကောင်စီတပ်ဖွဲ့အား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ထိခိုက်မှုကတော့မသိရသေးဘူး။ ကျိုက်ထိုမှာ ခုလိုလမ်းတွေခနခန ဖျက်ဆီးနေတဲ့ရည်ရွယ်ချက်ကတော့ ဖြတ်လေးဖြတ်လုပ်မဲ့ပုံစံပဲ။ ခံစစ်လုပ်နေတဲ့ပုံပဲ။ ဒါပေမဲ့ သူတို့လမ်းဖြတ်လိုက်တာက ပြည်သူတွေပဲထိခိုက်နစ်နာတာ။ တော်လှန်ရေးရဲဘော်တွေအတွက်က ဘာမှထိခိုက်မှုမဖြစ်ဘူး။ အရင်တည်းကနေ ဒီလမ်းမတွေကို သုံးတာမှမဟုတ်တာ။ အဲ့ဒီတော့ စကစရဲ့ လုပ်ရပ်တွေက ပြည်သူတွေကိုပဲထိခိုက်နေတယ်” ဟု သထုံခရိုင်PDFတာဝန်ရှိသူကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လမ်းဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့မှ ၎င်းတို့ပြန်လည်ဆုတ်ခွာသွားရာ လမ်းတစ်လျှောက်တွင်လည်း သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်သွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ကျိုက်ထိုတွင် စစ်ကောင်စီက မေလ ၁၉ ရက်နေ့မှစတင်ပြီး အရေးပါသည့် ကျေးရွာချင်းဆက်လမ်းပိုင်းများအား စတင်ဖျက်ဆီးခဲ့ပြီး ယခုအခါလမ်းအရေအတွက် ငါးခုအထိ ဖျက်ဆီးခံခဲ့ရပြီး အဆိုပါလမ်းများဖြင့်ဆက်သွားထားသည့် ကျေးရွာများမှ ဒေသခံအများစုမှ သွားလာရေးအခက်အခဲများကြုံတွေ့နေရကြောင်းလည်း သိရသည်။
ဓာတ်ပုံ – Kyaikhto Information Team
#ကျိုက်ထို #လမ်းဖျက်ဆီး #မိုင်းဆွဲခံရ #စစ်ကောင်စီ #Ayeyarwaddy_Times