ဧရာဝတီတိုင်းမ်
မေလ ၂၅ ရက်
ဧရာ၀တီတိုင်း ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ ကင်မလင်းကျွန်း၊ ပုသိမ်အဝေးပြေးကားဝန်းမှာ မေလ ၂၀ ရက်နေ့က ဆင်စွယ်နဲ့သားရေချပ်များပိုင်ရှင်မဲ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်း တောဆင်ရိုင်းတွေ အသတ်ခံရမှုများလာပြီးနောက်ပိုင်း ဆင်မုဆိုးတွေကို စီမံချက်နဲ့ဖမ်းဆီးခိုင်းချိန်မှာ မန္တလေးဘက်ကို တင်ပို့မယ့် ဆင်စွယ်နဲ့ သားရေအချပ်တွေကို ဖမ်းမိခဲ့ပေမယ့် တင်ပို့တဲ့တရားခံကိုတော့မမိခဲ့ဘူးလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
” ပုသိမ်-မန္တလေးပြေးဆွဲနေတဲ့ ကောင်းမြတ်မန်း ကားဂိတ်မှာ မိတာ၊ ဆင်မုဆိုးတွေက မန္တလေးကတစ်ဆင့်နယ်စပ်မှာရောင်းဖို့ တင်ပို့တာ။ သူတို့သတ်ထားတဲ့ဆင်တွေ သားရေချပ်တွေအခြောက်လှမ်းပြီး ဆင်စွယ်တွေပါပို့တာပစ္စည်းပဲမိတာ။ ခုထိတော့ တရားခံမိတယ်မကြားမိသေးဘူး”လို့ ရဲတပ်ဖွဲ့နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းမှာ တောဆင်ရိုင်းများကျက်စားရာနယ်မြေတွေဖြစ်တဲ့ ပုသိမ်၊ ငပုတောနဲ့ သာပေါင်းမြို့နယ်တွေမှာ ဆင်သတ်မုဆိုးများ လက်ချက်နဲ့ တောဆင်ရိုင်း ၆ ကောင်အထိ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
“အဆိပ်မြှားနဲ့ သေတာ ၆ ကောင်ရှိပြီ၊ ဒါတောင် မုဆိုးတွေက ဘာမှမယူပဲ ရွာနားနီးလို့ထားခဲ့လို့ အကောင်ကိုတွေ့တာ။ သတ်ပြီး အကုန်ယူပြီးဖျောက်ပစ်တာ ဘယ်နှစ်ကောင်ရှိနေပီလဲတော့မသိတော့ဘူး”လို့ သစ်တော၀န်ထမ်းတစ်ဦးကပြောပါတယ်။
ဆင်သတ်မုဆိုးများကြောင့် တောဆင်ရိုင်းများမှာ သစ်တောတွင်းမှာမနေပဲ ကျေးရွာများအနီးကို လာရောက်နေပြီး ပုသိမ်၊ သာပေါင်းနဲ့ ငပုတောမြို့နယ်များမှာ လူနဲ့ နေအိမ်၊စိုက်ခင်းများကို၀င်ရောက်ဖျက်ဆီးမှုများရှိနေတယ်လို့ဒေခံတွေကပြောပါတယ်။
ယခင်က ဧရာ၀တီတိုင်းမှာ ဆင်သတ်မုဆိုးများကိုမကြာခဏ ဖမ်းဆီးရမိမှုများရှိပေမယ့် စစ်တပ်အာဏာသိမ်းပြိီးနောက်ပိုင်း တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ဖို့အတွက် တောထဲကို သစ်တောရဲတွေနဲ့ ကင်းလှည့်တာတွေ ယခင်လိုသိမလုပ်နိုင်တော့တာကြောင့် တရားခံတွေကိုဖမ်းဆီးရမိတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဆင်သတ်မုဆိုးများမှာ တောဆင်ရိုင်းများကို သတ်ဖြတ်ပြီးနောက် ရရှိလာသည့် အရေပြား၊ အစွယ်၊ နှာမောင်းနှင့် အမြှီးများကို တောရိုင်းတိရိစ္ဆာန် ကုန်ကူးသူများထံ ရောင်းချကြတာလို့ သိရပါတယ်။
အဆိုပါ ကုန်ကူးသူများက မန္တလေး – မူဆယ်လမ်းကြောင်းမှတဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချကာ ဆင်မှရရှိသည့်ပစ္စည်းများကို တရုတ်ပြည်မှာတိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြောင်း တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေသူများထံကနေ သိရပါတယ်။
#ပုသိမ်မြို့ #ကားကြီး၀န်းမှာ #ဆင်စွယ်နဲ့သားရေချပ်များပိုင်ရှင်မဲ့ဖမ်းမိ #Ayeyarwaddy_Times