ဧရာဝတီတိုင်းမ်
မေလ ၂၅ ရက်
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က အင်အားပြင်းထန်စွာ တိုက်ခတ်ခဲ့သည့် ဆိုက်ကလုန်း မုန်တိုင်း မိုခါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုတွင် လယ်ယာ ဧကပေါင်း ခြောက်သောင်း (၆၀,၀၀၀) ကျော်ပျက်စီးပြီး စိုက်ပျိုး၊ မွေးမြူရေး တိရစ္ဆာန် ငါးသိန်း(၅၀,၀၀၀) ကျော်သေဆုံးကြောင်း စစ်ကောင်စီထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ယခုထက်ပို၍ ဆုံးရှုံးမှု ပိုများနိုင်ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာသုံးသပ်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။
လက်ရှိတွင် စစ်ကောင်စီက ထုတ်ပြန်ထားသည့် လယ်ဧကနှင့် တိရစ္ဆာန်ထိခိုက်သေဆုံးမှု အရေအတွက်ထက် မြေပြင်တွင်ပိုများနိုင်ပြီး သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို တွက်ချက်ရာတွင် ငွေကြေးဆုံးရှုံးမှုတန်ဖိုးကိုလည်း ထည့်တွက်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“စစ်ကောင်စီထုတ်ပြန်တဲ့ အချက်အလက်တွေက ယုံကြည်လို့ရမယ်မထင်ဘူး။ အဲဒီထက် ပိုများနိုင်တယ်။ ဘာလို့လည်းဆိုတော့ ရှေ့မှာသင်ခန်းစာရှိတယ်။ နာဂစ်တုန်းက လူရော တိရစ္ဆာန်တွေရော အများကြီးသေတာကို သူတို့ထုတ်ပြန်တာ နည်းနည်းလေးပဲ။ အဲဒီတော့ အခုထိခိုက်ပျက်စီးမှုတွေက အဲဒီစာရင်းထက်တော့ပိုနိုင်တာပဲ ” ဟု သဘာဝ ဘေးအန္တရာယ်ဆိုင်ရာလေ့လာသုံးသပ်သူက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် စိုက်ပျိုးသီးနှံပျက်စီးရာတွင် မကွေးတိုင်းက အများဆုံး ပါဝင်ကာ ဧကငါးသောင်း ကျော်ပျက်စီးခဲ့ပြီး နွေစပါး ၁၀၉ ဧက၊ နွေနှမ်း ၄၉,၅၆၉ ဧက၊ ဆောင်းနှင့် မိုးနေကြာ ၃၀ ဧက ၊ မိုးပဲတီစိမ်း ၆,၇၆၆ ဧက အပါအဝင် ကျွဲနှင့်နွား ၈၈ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။
“ဧရာဝတီမြစ်နဲ့နီးတဲ့ရွာဘက်တွေမှာ ရေကြီးလို့ ပဲစိုက်ထားတွေအကုန်လုံးပါ ( ရေမြုပ်) သွားတယ်လို့ကြားတယ်။ ငါတို့(ကျွန်တော်တို့)က မိုခါကြောင့်မိုးရွာလိုက်တော့မှ အခုမှ (ပဲစင်းငုံ၊ မြေပဲ၊ နှမ်း) ကြဲကျတာ။ အဲဒီဘက်တွေတော့ တော်တော်ပျက်စီး တယ်ကြားတယ်။ ဓာတ်မြေဩဇာတွေလည်း တစ်ချိန်လုံး ဈေးကြီးပြီး တက်နေတာ။ အခုလို ပျိုးပင်တွေသေသွားတော့ အဆုံးရှံးများတယ်လို့သိရတယ်” ဟု မကွေးတိုင်းမှ ပဲမျိုးစုံစိုက်သူတောင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင်မုန်တိုင်းဗဟိုချက်ဖြတ်ကျော်ဝင်ရောက်ခံရသည့် ရခိုင်ပြည်နယ်တွင် စိုက်ပျိုးသီးနှံ ဧကလေးသောင်း(၄၀,၀၀၀) နီးပါး ပျက်စီးခဲ့ပြီး တိရစ္ဆာန်ငါးသိန်း(၅၀၀,၀၀၀)ကျော် သေဆုံးခဲ့ကြောင်းသိရသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် ငှက်ပျော ၆၀၅ ဧက၊ ကွမ်းသီးပင် ၁,၃၄၅ ဧက၊ ကွမ်းရွက်ပင် ၅၈ ဧက၊ ဓနိပင် ၂၃၁ ဧက ၊ ကြက်ပေါင်စေး ငါး ဧက အပါအဝင် သစ်သီးဥယျာဉ် ၁,၇၀၉ ဧက ပျက်စီးသွားကြောင်း သိရသည်။
ထို့ပြင်စိုက်ပျိုးရေး၊ မွေးမြူရေးတိရစ္ဆာန်များဖြစ်သည့် ကျွဲ ၄,၂၀၆ ကောင်၊ နွား ၇,၅၉၃ ကောင်၊ ဝက် ၂,၂၈၃ ကောင်၊ ဆိတ် ၇၃၈ ကောင်အပါအဝင် ကြက် ၄၈၉,၂၀၅ ကောင် သေဆုံးသွားကြောင်း စစ်ကောင်စီက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးသီးနှံဧက ၂,၀၀၀ နီးပါးပျက်စီးကာ နွေနှမ်း ၉၀၂ ဧကနှင့် ပဲတီစိမ်း ၁,၀၆၅ ဧက ပျက်စီးသွားကြောင်း စစ်ကောင်စီ၏ ကြေညာချက် အရသိရသည်။
ယင်းအပြင် မန္တလေးတိုင်းဒေသကြီးတွင် နွေနှမ်း ၃၅၀ ဧက နှင့် မိုးပဲတီစိမ်း ၁၇ ဧကပျက်စီသွားပြီး ဧရာဝတီတိုင်း ဒေသကြီးတွင် ငှက်ပျော ၇၅ ဧက ပျက်စီး ခဲ့ကြောင်း စစ်ကောင်စီက ဆိုထားသည်။
သဘာဝဘေးအန္တရာယ် ထိခိုက်မှုကို ဆင်းရဲနွမ်းပါးသည့်အခြေခံ လူတန်းစားများ ပိုမိုခံစားနေရပြီး ပိုင်ဆိုင်မှုများပျက်စီးဆုံးရှုံးရသလို တစ်ဖက်တွင်လည်း စားသောက်ကုန် ဈေးနှုန်းမြင့်တက်မှု ဒဏ်ကိုခံစားနေရသည်။ လက်ရှိအချိန်ထိ မုန်တိုင်းဒဏ်ခံထားရသည့် နေရာများတွင် လူသားချင်း စာနာထောက်ထားသည့် အထောက်အကူများကို ထိရောက်စွာ ရရှိခြင်း မရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ပျက်စီးဆုံးရှုံးမှုများကိုတွေ့ရစဉ်
#မိုခါမုန်တိုင်း #လယ်ဧကခြောက်သောင်း #တိရစ္ဆာန်ငါးသိန်း #ပျက်စီးသေဆုံး #စစ်ကောင်စီ #မြေပြင်ဆုံးဆုံးမှု #ပိုများ #Ayeyarwaddy_Times