နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၂၄ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်တွင် NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်နှစ်ဖွဲ့ဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် နှစ်ဖက်စစ်ရေး တင်းမာလျက်ရှိကာ ရိုးသားမှုနှင့် ကတိတည်မှုရှိမှ ညှိနှိုင်းဆွေးနွေး၍ရကြောင်း PNLO ၏ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရုဲင်ယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မောက်မယ်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) စခန်းတစ်ခုကို ပြီးခဲ့သည့် မေလ ၂၀ ရက်၊ နံနက်အစောပိုင်း ၄ နာရီခွဲခန့်က အင်အား ၁၂၀ ဦးခန့်ရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့ဝင်များမှ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း PNLO ထံမှ သိရသည်။

“ကျွန်တော်မှတ်ချက် ပေးချင်တာက ညှိနှိုင်းဆွေးနွေးတယ်ဆိုတာက ရိုးသားမှုရှိမှ၊ ကတိတည်မှ ညှိနှိုင်းဆွေးနွေးလို့ ရတယ်ပေါ့နော်။ ရိုးသားမှုတွေမရှိဘဲနဲ့၊ ကတိတည်မှုတွေမရှိဘဲနဲ့ တစ်ဖက်အဖွဲ့ရဲ့နယ်မြေကို ကျူးကျော် ပြီးတော့ တိုက်ခိုက်တာမျိုးတို့ လူထုတွေကို လူသားဒိုင်းအနေနဲ့ အသုံးပြုတာမျိုးကျတော့ ညှိနှိုင်းဖို့ ခက်ခဲတဲ့အခြေအနေမျိုး ဖြစ်စေတယ်ပေါ့လေ။ အဲဒါတွေက နယ်မြေဒေသငြိမ်းချမ်းဖို့ အခက်အခဲဖြစ်စေတယ်။ အဓိက က ရိုးသားမှုနဲ့ ကတိတည်မှုတွေရှိဖို့ လိုပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ခွန်ရုဲင်ယံက ဆိုသည်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုသည် ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး နံနက် ၇ နာရီခန့်တွင် RCSS တပ်ဖွဲ့ဝင်များသည် ပအိုဝ်းကျေးရွာနှစ်ရွာဖြစ်သော နမ့်ယမ်နှင့် လွယ်ခွင်ရွာအတွင်းသို့ ဆုတ်ခွာဝင်ရောက်ကာ ဒေသခံများအား ရွာ ပြင်ထွက်ခွင့်မပေးဘဲ တပ်စွဲထားကြောင်း PNLO ထံမှ သိရသည်။

“ပြောရရင် လိုက်လံပြီးတော့ နယ်မြေရှင်းလင်းလို့ မရအောင် ရွာသားတွေကို လူသားဒိုင်းအနေနဲ့ အသုံးပြုနေတယ်။ အဲလိုမျိုးအခြေအနေ ဖြစ်နေတဲ့အတွက် စစ်ရေးအခြေအနေက တင်းမာနေဆဲ အခြေအနေလို့ ပြော ရမှာပဲ” ဟု ခွန်ရုဲင်ယံက ပြောသည်။

ထိုတိုက်ပွဲဖြစ်စဉ်အပါအဝင် PNLO ၏ ပြောဆိုချက်များနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာနမှ မေးမြန်းအတည်ပြုနိုင်ရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ယနေ့မေလ ၂၃ ရက်၊ ညနေပိုင်းအထိ ဆက်သွယ်၍မရခဲ့ပေ။

အဆိုပါတိုက်ပွဲအတွင်း RCSS ဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရသေးသော်လည်း PNLO/PNLA ဘက်တွင်မူ တပ်ဖွဲ့ဝင်တချို့နှင့် လက်နက်ခဲယမ်းတချို့ ဆုံးရှုံးခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဖက်ပြန် လည် ညှိနှိုင်းဆွေးနွေးရန်ကိစ္စရပ်အား အဖွဲ့အစည်း၏ ဗဟိုကော်မတီက မည်သို့ဆောင်ရွက်သွားမည်ကို ၎င်းအနေဖြင့် မသိရှိရသေးကြောင်း ခွန်ရုဲင်ယံက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော PNLO နှင့် RCSS အပါအဝင် အပစ်ရပ် ၇ ဖွဲ့၏ ထိပ်သီးခေါင်းဆောင် အစည်းအဝေးကို ​ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြီးခဲ့ သည့် မေလ ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်တာ မျက်နှာစုံညီ ကျင်းပခဲ့ပြီးနောက် ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသော အပစ်ရပ်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အနေဖြင့်လည်း ပုံမှန်မဟုတ်သော ပကတိနိုင်ငံရေး အခြေအနေအောက်တွင် တစ်ဖွဲ့ချင်းစီကြား တွင်ဖြစ်စေ၊ စုဖွဲ့မှုကြားတွင်ဖြစ်စေ အခက်အခဲစိန်ခေါ်မှုများ ရှိနေကြောင်း ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ဒီလိုမျိုး တစ်ဖွဲ့ချင်းစီနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေအပေါ်မှာကတော့ တစ်ဖွဲ့ချင်းစီရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို ကျွန်တော်တို့က အလေးထားတယ်။ အသိအမှတ်ပြုတဲ့ အစဉ်အလာရှိတယ်။ ကျွန်တော်တို့ PPST အနေနဲ့ ကြားဝင်ဖျန်ဖြေဖို့ဘာဖို့ အဲလောက်ထိကိုတော့ ဆွေးနွေးထားတာ၊ တိုင်ပင်ထားတာ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ပုံစာ – PNLO တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – PNLO Info)
#မောက်မယ်မြို့ #PNLOနှင့်RCSSတို့အကြား #စစ်ရေးတင်းမာ #ရိုးသားမှုနှင့်ကတိတည်မှုရှိမှ #ညှိနှိုင်းဆွေးနွေး၍ရဟု #PNLO ပြော
#Ayeyarwaddy_Times