ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ မေလ ၂၄ ရက်

စစ်ကောင်စီက သေနတ်များထုတ်ပေးထားသည့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနရုံး ယမန်နေ့က တိုက်ခိုက်ခံခဲ့ရပြီး လ၀က အရာရှိ ၁ ဦးနှင့် ဝန်ထမ်း ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ လောင်းလုံးမြို့မရဲစခန်းနှင့် လ၀ကရုံးအား တော်လှန်ရေး အင်အားစုတစ်ခုက မေလ ၂၃ ရက် နေ့လည် ၁၂ နာရီခန့်အချိန်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက် ခိုက်မှုကြောင့် လ၀ကအရာရှိ ၁ ဦးနှင့် ဝန်ထမ်း ၁ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“အဲဒီ လဝကရုံးက ဝန်ထမ်းတွေမှာ စစ်ကောင်စီတပ်က အကုန်လုံး လက်နက်တပ်ဆင် ပေးထားတာပါ။ ပစ်ခတ်မှုဖြစ်ပြီး ခဏအကြာမှာတော့ အရေးပေါ်လူနာတင်ယာဥ်တွေ ရောက်လာကြပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို လာရောက်တင်ဆောင်သွား တယ်”ဟု လောင်းလုံး မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရသည့် လောင်းလုံးမြို့နယ် လ၀ကရုံးနှင့် မြို့မရဲစခန်းတို့မှာ ၂ ဖာလုံခန့် ကွာဝေးပြီး အဆိုပါ
တိုက်ခိုက်မှုနှင့်ပတ်သတ်၍ မည်သည့်တော်လှန်ရေးအင်အားစုက လုပ်ဆောင်သည်ကို မသိရသေးပေ။

လ၀ကရုံး၌ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

#စစ်ကောင်စီ #လက်နက်များထုတ်ပေးထားသည့် #လောင်းလုံးမြို့လ၀ကရုံး #တိုက်ခိုက်ခံရ #အရာရှိအပါအဝင်၂ဦးသေဆုံး
#Ayeyarwaddy_Times