ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ မေလ ၂၃ ရက်

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ရွာသစ်ရွာ ၏ ရာအိမ်မှူးနှင့်၎င်း၏ဇနီးဖြစ်သူအား မေလ ၂၁ ရက်နေ့ ည ၉ နာရီဝန်းကျင်က သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီ၏အုပ်ချုပ်ရေးပစ်မှတ် အနေဖြင့် သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အိုက်ကဒုံကျေးရွာအုပ်စု၊ရွာသစ်ရွာ ရာအိမ်မှူးဦးသန်းထွန်းအောင်မှာ ရွာသစ်ရွာမြစိမ်းရောင်ချေးငွေ ဥက္ကဌ လည်းဖြစ်ကာ ၎င်း နှင့် ဇနီးမစိန်မြင့်တို့အား နေအိမ်၌ရှိနေစဉ် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သိရသည်။

“သူ့တို့လင်မယားကို အိမ်မှာပဲ ပစ်ခတ်လိုက်တာ။ ညတွင်းချင်းဝော့ာ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရောက်လာပြီး လမ်းသွားလာ ဆိုင်ကယ်တွေ ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရတယ်။ မြစိမ်းရောင်ချေးငွေဥက္ကဌလဲဖြစ်တော့ သူ့မိန်းမနဲ့မတည့်ရင် ငွေထပ်မချေးတာမျိုးတွေရှိတယ် ” ဟု သာယာဝတီ(ပကဖ)တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါရာအိမ်မှူးဇနီးမောင်နှံမှာ NLDပါတီထောက်ခံသူများအား PDFဟာစွပ်စွဲကာ ဖမ်းဆီးခိုင်းခြင်း၊ မြစိမ်းရောင်ချေးငွေပြန်မဆပ်နိုင်သူများအား ရဲတိုင်၍ဖမ်းဆီးခိုင်းခြင်း၊ ဒေသခံများအပေါ်နိုင်ထက်စီးနင်း ဆက်ဆံနေမှုများ ရှိကြောင်းလည်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သာယာဝတီမြို့နယ်တွင် မေလ ၁၆ ရက်နေ့ကလည်း အမည်မသိသေနတ်သမားများမှ စစ်ကောင်စီခန့်ကျွန်းကုန်းရွာအုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ မထိပဲ အဆိုပါအုပ်ချုပ်ရေးမှူး၏ သားဖြစ်သူဖိုးထောင် မှ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း ဖိုးထောင်သေဆုံးခဲ့ကြောင်းလည်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ – ပေးပို့
#သာယာဝတီ #သုံဆယ် #ရာအိမ်မှူး #လင်မယား #သတ်ခံရ #ဂဠုန်တပ်ဖွဲ့ #Ayeyarwaddy_Times