ဧရာဝတီတိုင်းမ်
(မတူပီ)၊ မေ ၂၃ ရက်

ချင်းပြည်နယ် မတူပီမြို့တွင် ၆ လခန့် ဖြတ်တောက် ခံထားရသည့် ဖုန်းလိုင်းများ ပြန်လည် ရရှိကြောင်း ဒေသခံများထံမှ သိရသည်။

မိုခါ မုန်တိုင်း တိုက်ခတ်ပြီးနောက် မေလ ၂၀ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး MPT ဖုန်းလိုင်းများ ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အလားတူ MEC ဖုန်းလိုင်းများလည်း မုန်တိုင်း မတိုက်ခတ်မီ တစ်ရက်အလို မေလ ၁၃ ရက်နေ့တွင် ပြန်လည် ရရှိခဲ့ပြီး MPT ဖုန်းလိုင်းများကို စစ်ကောင်စီက ထပ်မံ ဖွင့်လှစ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

“မြို့တွင်းမှာတော့ MPT နဲ့ MEC ဖုန်းလိုင်းတွေ အပြည့်ရတယ်။ အင်တာနက် လိုင်းတော့ မရသေးဘူး။ မြို့နဲ့ နီးတဲ့ ကျေးရွာတွေမှာတော့ ဖုန်းလိုင်းရတဲ့ နေရာများတယ်။ ဒါပေမယ့် ကျေးလက်ဒေသ ဘက်မှာတော့ တောင်ထိပ်နေရာ တချို့မှာပဲ ရတယ်။ မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ဖုန်းလိုင်းတွေ ခဏ ပြန်ဖွင့်ပေးတာလားတော့ မပြောတတ်ဘူး။ ချက်ချင်းလည်း ပြန်ပြတ်နိုင်တယ်။ အခုလို ဖုန်းလိုင်းတွေ အမြဲရနိုင်မယ်ဆိုရင် ပြည်သူတွေ အတွက်တော့ ဆက်သွယ်ရေး ပိုင်းမှာ တော်တော် အဆင်ပြေတာပေါ့”ဟု အသက် ၄၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီမြို့တွင် စစ်ကောင်စီက အင်တာနက်လိုင်းကို ၂၀၂၁ ခုနှစ် ဇွန်လက ဖြတ်တောက်ထားသလို မိုဘိုင်းလ် ဖုန်းလိုင်း များအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင် ဖြတ်တောက်ထားပြီး ကြိုးဖုန်းများကိုလည်း ပြီးခဲ့သည့် မတ်လတွင် ဖြတ်တောက် ထားကြောင်းလည်း ဒေသခံများက ပြောကြားသည်။

ဖုန်းလိုင်း ပြတ်တောက်နေခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများ နှင့် ကုန်စည် ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာများတွင် အခက်အခဲများ ကြုံတွေ့ကြရကြောင်းလည်း သိရသည်။

ယခင်ကလည်း မတူပီမြို့တွင် လအတော်ကြာ ဖုန်းလိုင်းများ ပြတ်တောက်မှုကြောင့် ဒေသခံပြည်သူများ အနေဖြင့် ပြည်တွင်း ပြည်ပရှိ ဆွေမျိုး အသိုင်းအဝိုင်းများနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်ခဲ့သည်ဟု ဆိုသည်။

မတူပီမြို့နယ်တွင် ဖုန်းလိုင်း ပြတ်တောက်မှု ကာလတလျှောက် ဒေသခံပြည်သူများ၏ အခက်အခဲကြုံတွေ့မှု အခြေအနေများ၊ စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဒေသတိုက်ပွဲ အခြေအနေများကို သတင်း မီဒီယာ များကလည်း စဉ်ဆက်မပြတ် ရေးသား ဖော်ပြခဲ့ကြသည်ကို တွေ့ရှိရသည်။

#မတူပီ #၆လခန့်ဖြတ်တောက် #ခံထားရသည့် #ဖုန်းလိုင်းများ ပြန်လည်ရရှိ
#Ayeyarwaddy_Times