ဧရာဝတီတိုင်းမ်
(ရန်ကုန်) မေလ ၂၃ ရက်
မိုခါ မုန်တိုင်း တိုက်ခတ်ပြီးနောက် မေလ နောက်ဆုံးအပတ်တွင် စပါးဈေးနှုန်း အမြင့်ဆုံး ရောက်ရှိလာကာ ယခု နှစ်ကုန် အထိ ဈေးနှုန်း ဆက်လက် မြင့်တက်နေမည် ဖြစ်ကြောင်း ဆန်စပါး ကုန်သည်များက ခန့်မှန်းနေကြသည်။
လက်ရှိ စပါးဈေးကွက် အတွင်း စပါးသိုလှောင်မှု များပြားနေပြီး စိုက်ပျိုးဧက လျော့နည်းချိန် ဖြစ်သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် နှစ်လမှ စတင်ကာ စပါးဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာပြီး မေလ နောက်ဆုံးအပတ်တွင် အမြင့်ဆုံးဈေးမှာ စပါး တင်း တစ်ရာလျှင် ကျပ် ၂၅ သိန်း မှ ၃၀ အထိမြင့်တက်လာပြီး အဝယ်သာရှိ၍ ထုတ်ရောင်းမည်သူ မရှိသဖြင့် စပါးဈေး ဆက်လက် မြင့်တက်နေမည် ဖြစ်ကြောင်းလည်း ဆန်စပါး ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ဈေးကွက်ထဲ စပါးကိုလှောင်ကျတော့ တင်းတစ်ရာ သိန်း ၂၀ ကနေ ဝယ်လိုအားများတော့ ဆက်တက်လာမယ်။ အခု ၂၅ သိန်း ရောက်တာတောင် ရောင်းတဲ့သူရှားတယ်။ အဝယ်များတယ်။ လှောင်ထားသူတွေက ဈေးစောင့်နေတယ်။ အခုမှ ငါးလပိုင်းပဲ ရှိသေးတယ်။ ဈေးက ကမောက်ကမဖြစ်နေတယ်။ မိုခါကြောင့် ရခိုင်မှာ လယ်ဧက ပျက်စီးတာတွေ ရှိတယ်။ အဲဒါတွေကြောင့် နှစ်ကုန်ပိုင်းနဲ့ လာမယ့် နှစ်ပိုင်းအထိ ဈေးနှုန်း ရိုက်ခတ်ဦးမယ် ထင်ပါတယ်”ဟု ဆန်စက်ပိုင်ရှင် တစ်ဦးက ဧရာဝတီတိုင်းမ် ပြောကြားသည်။
ဈေးကွက်တွင် စပါးသိုလှောင်မှု များပြားနေသည့် အတွက် ဝယ်လိုအားများ၍ ဈေးတက်ခြင်း၊ လျှပ်စစ်မီး မမှန်၍ ဆန် အချော ထုတ်ယူနိုင်မှု လျော့နည်းခြင်း၊ မိုခါ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခြင်းများ အပါအဝင် စစ်မက်ဖြစ်ပွားနေသည့် ဒေသများတွင် လယ်ယာ စိုက်ပျိုးနိုင်ခြင်း မရှိ၍ စပါးဈေးနှုန်း မြင့်တက်ကာ ကျွဲကူးရေပါ အဖြစ် ဆန်ဈေးလည်း မြင့်တက်နေမည် ဖြစ်ကြောင်း မကွေးတိုင်းမှ ကောင်းမြတ် ဆန်စက်ပိုင်ရှင်ကလည်း ပြောသည်။

၎င်းက“စပါးဈေး တက်တော့ ဆန်ဈေးတက်မယ်။ ဆန် တစ်အိတ်ကို အနည်းဆုံး ငါးထောင်ကျော် တက်သွားမယ်။ ဈေး အနည်းဆုံး ဆန်တစ်အိတ်ဈေးက ကိုးသောင်း ကနေ ကိုသောင်းခုနစ်ထောင် အထိ ဖြစ်သွားနိုင်တယ်”ဟုလည်း ပြောဆိုသည်။
ဒုတိယ ဆန်စပါး အများဆုံး ထွက်ရှိရာ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာသားများ ထွက်ပြေး တိမ်းရှောင်နေရသဖြင့် စိုက်ပျိုးနိုင်သည့် လယ်ယာဧက လျော့နည်းလာခြင်းက ဆန်စပါး ဈေးတက်ရခြင်း၏ အဓိက အချက်အနေဖြင့် ပါဝင်ကြောင်းလည်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
“ကျွန်တော်တို့ မကွေးတိုင်းထဲမှာ မစိုက်ရတဲ့ နေရာတွေရှိတော့ ဆန်ဈေး တက်နေချိန်နဲ့ အခုတစ်ခါ မိုခါက ထပ်ဝင် လိုက်တော့ မကွေးတိုင်းထဲမှာ တော်တော်များများ ပျက်ဆီးကြတယ်။ ရေမြုပ်လို့ ဆန်အိတ် နှစ်သောင်း၊ သုံးသောင်း လောက် ပျက်စီးသွားတယ်။ အဲဒီ ဒဏ်တွေက အခုနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ် အစအထိ သေချာပေါက်ခံနေရဦးမှာပဲ”ဟု ကောင်းမြတ် ဆန်စက်ပိုင်ရှင်က ဆက်လက် ပြောကြားသည်။
အဆိုပါ စပါးဈေးနှုန်း မြင့်တက်မှု အပါအဝင် ဆန်ဈေး မြင့်တက်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးနေလင်းထံ ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းရာတွင် မသိရှိကြောင်းသာ ပြန်လည်ပြောကြားပြီး ဖုန်းချသွားသည်။
ဆန်စပါး ဈေးနှုန်း ထိန်းချုပ်ရေး အဖြစ် လုပ်ငန်းတည်ရှိရာ နေရာတွင် ဆန်တန်ချိန် ၅၀ (ဆန်အိတ် ၁၀၀၀) နှင့် စပါးတင်း ၅၀၀၀ အထက် သိုလှောင်မှု ပမာဏကို မှတ်ပုံတင်ရမည် ဖြစ်ပြီး ပမာဏပြောင်းလဲပါက သတင်း ပို့ရမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက မေ ၉ ရက်နေ့တွင် ကြေညာထားသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ် အင်းလေးမှတောင်သူများ စပါးခြွေနေသည့်ပုံ
#ယခုနှစ်ကုန်အထိ #စပါးဈေးနှုန်း #မြင့်တက်နေမည်ဟု #ဆန်စပါးကုန်သည်များခန့်မှန်း #Ayeyarwaddy_Times