ဧရာဝတီတိုင်းမ်
မေလ ၂၃ ရက်
ရခိုင်တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း အိမ်ဆောက်ပစ္စည်းများအားစျေးတင်ရောင်းချသည့် ဒေသခံဆိုင်ရှင် ၁၁ ဦးကို ရက္ခိုင့်တပ်တော်AA က ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ဆေးရန်ခေါ်ယူခံရသူများမှာ အိမ်ဆောက်ပစ္စည်းများရောင်းချသည့် စစ်တွေမြို့မှ ၂ ဦး၊ကျောက်တော်မှ ၁ ဦး ၊ပုဏ္ဏားကျွန်းမှ ၄ ဦးနှင့် မင်းပြားမှ ၄ ဦးတို့ဖြစ်ကြောင်း AA နှင့်နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
မုန်တိုင်းကာလအလွန်တွင် အခြေခံစားကုန်နှင့် အခြားကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနေသည့်ကုန်သည်များအနေဖြင့် ပြည်သူများဒုက္ခရောက်နေသည်ကို အခွင့်ကောင်းယူကာ စျေးတင်မရောင်းကြရန် ရက္ခိုင့်တပ်တော် AA၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မေလ ၁၆ ရက်နေ့တွင် သတိပေးပြောဆိုခဲ့သည်။
သို့သော်လည်း ကုန်သည်များအနေဖြင့် လိုက်နာမှုမရှိဘဲ မိမိအကျိုးစီးပွားတခုတည်းကိုကြည့်ကာ အမြတ်ရှာနေကြသည့်အတွက် စစ်ဆေးရန်ခေါ်ယူသွားခြင်းဖြစ်ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များကပြောသည်။
” ဗိုလ်ချုပ်ကိုယ်တိုင်ကလည်း စျေးမတင်ဖို့ကြိုသတိပေးထားတာတောင် အားမနာဘဲ ပစ္စည်းတွေတောက်လျှောက်စျေးတင်ရောင်းကြတယ်။ပစ္စည်းတခုက ၁ထောင် ၊၂ထောင်အမြတ်စားတာကပြသာနာမရှိဘူး။အခုဟာက သောင်းဂဏန်းထိအမြတ်စားနေတော့ ဒုက္ခရောက်နေတဲ့သူတွေကို ပိုဖိနှိပ်သလိုဖြစ်စေတယ်။ဒါကြောင့် တခြားလူတွေကို နမူနာပြတဲ့အနေနဲ့ စစ်ဆေးဖို့ခေါ်သွားတာနေမှာပေါ့” ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက်တနေ့တွင် ရခိုင်၌ ၁၈၀၀တန်သံဖြူ ၁ပေကို ကျပ် ၄ထောင်ကျော် အထိစျေးနှုန်းမြင့်တက်ခဲ့ပြီး သံမှိုတပိဿာကိုလည်း ၈၀၀၀ကျပ်မှ ငါးသောင်းကျပ်အထိ စျေးတက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ စျေးနှုန်းများမှာ လက်ရှိမုန်တိုင်းဒဏ်ခံထားရသည့် ပြည်သူများအတွက် ဝယ်ယူသုံးစွဲရန်မဖြစ်နိုင်ကြောင်းနှင့် ယခုကဲ့သို့ ခေါ်ယူစစ်ဆေးမှုများလုပ်ဆောင်ခြင်းမှာ မှန်ကန်ကြောင်း ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။
” ကျနော်ကတော့ ဒီလိုလုပ်တာကိုထောက်ခံတယ်။ဘာလို့လဲဆိုတော့ အခုလိုလုပ်လိုက်မှသာလျှင် တခြားသူတွေလည်း စျေးတင်မရောင်းရဲကြမှာ။အခုချိန်မှာက အကုန်လုံး ဒုက္ခရောက်နေကြတဲ့သူတွေချည်းပဲ။သူတို့တင်ရောင်းနေတဲ့စျေးနဲ့ဆို ဘယ်လိုလုပ်ပြီး ခေါင်မိုးတွေပြန်မိုးနိုင်မာလဲ။ ရှိသမျှပစ္စည်းတွေ အကုန်လုံးဆုံးရှုံးထားရတာ။ မလှူနိုင်ရင်တောင် ဆိုင်ပိုင်ရှင်တွေအနေနဲ့ စျေးတင်မရောင်းသင့်ဘူး။အားသာချက်တခုက သူတို့တွေကို AA ကခေါ်သွားပြီးနောက်ပိုင်း သံဖြူစျေးနဲ့ သံမှိုစျေးတွေ ကျသွားတယ်” ဟု ၄င်းကပြောသည်။
မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့ကြီးအပါအဝင် ရခိုင်ကမြို့နယ် အများအပြားတွင် ထိခိုက်ပျက်စီးမှု များစွာရှိခဲ့ပြီး ပြန်လည်ပြုပြင်ရန် အကူအညီများ အရေးပေါ်လိုအပ်လျှက်ရှိနေကြသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ရခိုင်တွင် မွတ်ဆလင်များအပါအဝင် မုန်တိုင်းသေဆုံးသူ စုစုပေါင်း ၁၄၅ ဦးသေဆုံးခဲ့ပြီး ပျက်စီးဆုံးရှံးမှုတန်ဖိုးမှာ ကျပ်သိန်း (၄၆,၉၈၆ )အထိရှိကြောင်း ထုတ်ပြန်ထားသည်။ သို့ရာတွင် လွပ်လပ်သော သတင်းမီဒီယာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ရေးသားထုတ်ပြန်ချက်အရ သေဆုံးသူ ၄၀၀ကျော်ရှိသည်ဟု သိရသည်။
#ဆောက်လုပ်ရေးပစ္စည်း #စျေးတင်ရောင်း
#AA #မိုခါမုန်တိုင်း #ရခိုင်ပြည်နယ်
#Ayeyarwaddy_Times