ဧရာဝတီတိုင်းမ်
မေလ ၂၃ ရက်
အိမ်စောင့်အစိုးရဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာဟာ မနေ့က အစိုးရအိမ်တော်မှာ ထိုင်းအစိုးရကိုယ်စား ဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီကို စစ်ကောင်စီခန့်သံအမတ်ကြီး ဉီးချစ်ဆွေထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီး ဒွနန်ပရာမြူဒွင်နိုင်းနဲ့ ခေတ္တ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနူချာဘူရာပါချိုဆီရီတို့လည်း တက်ရောက်ခဲ့ပါတယ်။
ထိုင်းအစိုးရနဲ့ပြည်သူတွေက ဆိုင်ကလုန်းဘေးသင့် မြန်မာပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရ ကြောင်း၊ အခုလိုခက်ခဲသောအချိန်မှ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပရာယွပ်က ပြောပါတယ်။
အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာနမှာ တာဝန်ထမ်းဆောင် ဖို့ ထိုင်းအစိုးရက တာဝန်ရှိသူတွေ စေလွှတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီခန့် သံအမတ်ကြီးကလည်း လူသားချင်းစာနာမှု
အကူအညီ ပေးအပ်မှုအတွက် ထိုင်းအစိုးရနဲ့ ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်း ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့် မြန်မာနိုင်ငံက မြို့နယ် ၁၈ ခုမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ထိုင်းအစိုးရက မြန်မာနိုင်ငံရှိ ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်
ပြည်သူတွေအတွက် မည်သည့်အမျိုးအစား အကူအညီတွေ ပေးအပ်တယ်ဆိုတာတော့ ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။
ကိုးကား
– Bangkok Post
Ref; Thai humanitarian
aid for cyclone-hit Myanmar