ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ မေလ ၂၂ ရက်

ပဲခူးတိုင်း တောင်ငူ အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်သွားသူ ကိုသီဟအောင်၏ မိခင်အား စစ်ကောင်စီ ရဲတပ်ဖွဲ့ က ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ကိုသီဟအောင် တောင်ငူ အကျဉ်းထောင်က ထွက်ပြေးသွားသည့် မေလ ၁၈ ရက်နေ့တွင်ပင် မိခင် ဖြစ်သူကို နေအိမ်၌ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ပြီး မေလ ၂၂ ရက်နေ့အထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးဟုလည်း ဆိုသည်။

တောင်ငူမြို့ ၂ ရပ်ကွက်တွင် နေထိုင်သူ ကိုသီဟအောင်၏ မိခင်အား စစ်‌ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက နေအိမ်မှ ရဲစခန်းသို့ လာရောက် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ကိုသီဟအောင်နှင့် နီးစပ်သူ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းက“ညတွင်းချင်းပဲ သူ့အမေကို လာဖမ်းသွားတယ်။ ပြီးတော့ မိသားစုဝင်တွေကို ရဲစခန်းမှာ လာခေါ်လို့ ပြောတယ်။ ဘယ်သူမှ မသွားရဲတော့ အခုထိ မလွှတ်ပေးသေးဘူး။ ရဲစခန်း အချုပ်ထဲမှာပဲ ရှိသေးတယ်”ဟုလည်း ပြောပြသည်။

ဖမ်းဆီးပြီးနောက် မေလ ၁၉ ရက်‌နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူဟု ဆိုသူက တောင်ငူမြို့ အမှတ်၂ ရဲစခန်းတွင် လာရောက် ခေါ်ဆောင်ရန် နေအိမ်ရှိ မိသားစုအား ဆက်သွယ်လာသော်လည်း မိသားစုက လိုက်မသွားရဲသည့် အတွက် ၄ ရက်ကြာသည် အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးဟုလည်း ဆိုသည်။

စစ်ကောင်စီက အကြမ်းဖက် ပုဒ်မများဖြင့် တရားစွဲထားသည့် ကိုသီဟအောင် အပါအဝင် ၉ ဦးမှာ မေလ ၁၈ ရက်နေ့က တောင်ငူ အကျဉ်းထောင် အထူးတရားရုံးမှာ ရုံးထုတ်စဉ် လုံခြုံရေး ယူနေသည့် တပ်ဖွဲ့ဝင်များထံမှ သေနတ်များ လုယူ ပစ်ခတ်၍ ထွက်ပြေးခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် လွတ်မြောက် နယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။

တောင်ငူ အကျဉ်းထောင်မှ ထွက်ပြေးသူ အားလုံးမှာ ၁၀ ဦး ဖြစ်ပြီး ညတွင်းချင်း ၃ ဦးကို ပြန်လည် ဖမ်းဆီးမိကြောင်း၊ ကိုသီဟအောင် အပါအဝင် လွတ်မြောက် ထွက်ပြေးသွားသူ ၇ ဦးကို စစ်ကောင်စီဘက်က လိုက်လံ ရှာဖွေနေကြောင်းလည်း သတင်း တချို့မှာ ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။

#တောင်ငူထောင် #ထွက်ပြေးလွတ်မြောက်သွားသော #ကိုသီဟအောင်၏ #မိခင်ဖြစ်သူအား #ဖမ်းဆီးထားရာမှ #ပြန်လွှတ်ပေးခြင်းမရှိသေး
#Ayeyarwaddy_Times