ဧရာဝတီတိုင်းမ်
ရန်ကုန်၊ မေလ ၂၂ ရက်

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ရေးဆွဲခဲ့သည့် ညောင်နှစ်ပင်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ပြီးနောက် နှစ်ရက်အကြာတွင် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်အတွင်းရှိ အသုံးမပြုသည့် မြေကွက်များကို လုပ်ပိုင်ခွင့်ပြန်လည်သိမ်းဆည်းသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့သည်။

မေ၂၀ ရက်နေ့က ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်ရှိအစည်းအဝေးခန်းမတွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း မသက်ဆိုင်သည့် မြေ အသုံးချမှုမရှိစေရေး၊ စနစ်တကျကြပ်မတ်ဆောင်ရွက်ရမည်ဟု စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဇုန်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခွင့်အတွက် မူလခွင့်ပြုမိန့်အထောက်အထားစာရွက် စာတမ်းနှင့်အတူ ညောင်နှစ်ပင်စိုက်ပျိုုးရေးအထူးဇုန်လုပ်ငန်းကော်မတီထံ ဇွန် ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ကွင်းဆင်းစစ်ဆေးမှုခံယူရမည်ဟု ကြေညာချက်တွင်ရေးသားဖော်ပြထားသည်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းမရှိပါက မြေယာများပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်းနှင့် အမှန်တကယ်စိုက်ပျိုးနေသူများကိုသာဆက်လက်လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“ အထူးဇုန်အတွင်းမှာတော့ မြေအကွက်တော်တော်များများမှာစိုက်ပျိုးရေးလုပ်နေတာရှိတယ်။ မစိုက်ပျိုးတဲ့မြေက မရှိသလောက်ပဲ။ တချို့က ပစ်ထားတဲ့အကွက်တွေတော့ရှိတယ်။တောထနေပြီ။ အများစုကစိုက်ပျိုးမြေတွေပဲ။ မစိုက်ရင်သိမ်းမယ်ဆိုတော့ မြေကွက်အမှတ်နဲ့ပိုင်ဆိုင်ကြောင်းထောက်အထားပြနိုင်ရင် မြန်မြန်စိုက်ပျိုးလိုက်တာ ကောင်းမယ်” ဟု ညောင်နှစ်ပင်စိုက်ပျိုးရေးရေးဇုန်နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မူလလုပ်ကိုင်သူများထံမှ ဝယ်ယူ လက်လွှဲရထားသူများအနေဖြင့် ဝယ်ယူထားသော အထောက်အထားပြည်စုံပါက စိုက်ပျိုးမွေးမြူရေးဆက်လက်လုပ်ကိုင်ခွင့်ပေးမည်ဟု သိရပြီး သတ်မှတ်ကာလအတွင်း အထောက် အထားစာရွက်စာတမ်းတင်ပြစစ်ဆေးမှုခံယူခြင်းမရှိပါက လုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်းမည်ဟု သိရသည်။

အထူးဇုန်အတွင်းမြေယာပိုင်ဆိုင်ထားသူများမှာ မြေပြင်အခြေအနေတွင် လက်တွေ့စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ခြင်းမရှိကြောင်းကို ဇုန်အနီး ကပ်ကြီးကြပ်ရေးကော်မတီများကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

စစ်ခေါင်းဆောင်ဟောင်း ဦသန်းရွှေလက်ထက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ၁၉၉၉ ခုနှစ်တွင် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၁၁၉၁ ဦးကို ခွင့်ပြုမိန်းပေးထားခဲ့ခြင်း ဖြစ်သည်။ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်တွင် ဇုန်သုံးဇုန်ရှိကာ ၁၂၄၅၃ ဧက ကျယ်ဝန်းသည်။

မှော်ဘီနှင့် လှည်းကူးမြို့နယ်အတွင်းရှိ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန် (၁) တွင် ဟင်းသီး ဟင်းရွက် လက်ကားဈေးတည်ဆောက်ရန် လုပ်ငန်းဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ-မေလ ၂၀ ရက်နေ့က ညောင်နှစ်ပင်စိုက်ပျိုးမွေးမြုရေးအထူးဇုန်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှု့သည့်ပုံ
#ညောင်နှစ်ပင်စိုက်ပျိုး #မွေးမြုရေးအထူးဇုန် #အသုံးမပြုတဲ့မြေတွေကို #ပြန်သိမ်းမည်ဟု စစ်ကောင်စီကြေညာ
#Ayeyarwaddy_Times