နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)/မေလ ၂၂ ရက်

ဧရာဝတီတိုင်း ဖျာပုံမြို့က ဂဠုန်မင်း ရွှေဆိုင်အား ယမန်နေ့ မွန်းလွဲပိုင်းမှာ အုပ်စုဖွဲ့ ဓားပြတိုက်သူများကို ရွှေဆိုင်အနီးရှိ ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးလိုက်နိုင်ကြောင်း ဒေသခံများဆီက သိရသည်။

ထိုသို့ ဝိုင်းဝန်း ဖမ်းဆီးရာမှ ဓားပြအဖွဲ့ဝင် ၁ ဦးဆီက သေနတ်အတု ၂ လက် သိမ်းဆည်း ရမိကြောင်း ဒေသခံ ၁ ဦး ကလည်း ပြောသည်။

“ဆိုင်ကယ် ၂ စီးနဲ့ သေနတ် ပစ်ဖောက်ပြီး ရွှေဆိုင်ထဲဝင်ပြီး ဓားပြတိုက်တာ၊ ဆိုင်ထဲက ရွှေထည့်ထားတဲ့ မှန်ပုံးကိုပါ မပြေးတာ။ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက ဝိုင်အော်လို့ ဆိုင်ကယ်ပေါ် ရွှေပုံးတင်ပြီး မောင်းပြေးတာ။ တစ်ယောက်က ဆိုင်ကယ်နဲ့ မပါသွားဘဲ ခြေလျင်ပြေးလို့ အနီးနားရှိတဲ့သူတွေ ဝိုင်းလိုက်တာနဲ့ ဖမ်းမိပြီး အဖမ်းခံရသူဆီက သေနတ်အတု ၂ လက်ပါရတယ်” ဟု ဖျာပုံမြို့နေ အသက် ၃၀ ရှိ အမျိုးသား ၁ ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

မေလ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အဆိုပါ ဓားပြတိုက် လုယက်မှုတွင် ရွှေသား အလေးချိန် ၆၈ ကျပ်သား ပါသွားပြီး ဖမ်းဆီးရမိသူမှာ ဖျားပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာက ဖြစ်ကြောင်း၊ ထိုသူဆီက သေနက်အတု ၂ လက်ပါရရှိထားကာ ကျန်သူများမှာ ယခုအချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယင်း ဓားမြတိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ ဖျာပုံ ရဲစခန်းက ဓားပြတိုက်သူများနှင့် ဆက်စပ်မှု ရှိသည်ဟု ဆိုပြီး ဒေသခံ ၈ ဦးအထိ ဖမ်းဆီးထားကြောင်း ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်း မြို့နယ်များတွင် တရားဥပဒေစိုးမိုးမှု အလွန်ကင်းမဲ့နေပြီး ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှု၊ ဓားပြမှုနှင့် လူသတ်မှုများပါ နေ့စဉ်ဆိုသလို ဖြစ်ပွားနေကြောင်း၊ အဓိက ကျူးလွန်သူများကို ဖမ်းဆီးမိခြင်း မရှိဘဲ တွေ့သမျှထင်သမျှ လူများကိုသာ စွပ်စွဲဖမ်းဆီး အရေးယူမှုများသာ ရှိနေကြောင်း၊ အဓိက ကျူးလွန်သူ အများစုကလည်း စစ်ကောင်စီ တပ်နှင့် ပတ်သက်နေသူများ ဖြစ်၍ ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း လုပ်လာကြခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

#ဖျာပုံ #နေ့ခင်းကြောင်တောင် #ရွှေဆိုင်ဓားပြတိုက်သူများအား #ပြည်သူဝိုင်းဝန်းဖမ်းဆီး #Ayeyarwaddy_Times