ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ မေလ ၂၂ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်များရှိ စစ်ကောင်စီလက်အောက်ခံတပ်ရင်းများသို့ရောက်ရှိနိုင်သည့် လမ်းပိုင်းများအား စစ်ကောင်စီက မေလ ၁၉ ရက်နေ့မှ စတင်၍ မြေတူးစက်များ၊ လူအင်အားအများအပြားသုံးပြီး လိုက်လံဖျက်ဆီးနေကြောင်း သိရသည်။

စစ်ကောင်စီသည် ကျိုက်ထိုတော်လှန်ရေးအင်အားစုများများမှ စစ်ရေးအရှိန်မြှင့်မည်ဖြစ်ကြောင်း ကြေညာပြီးသည့်နောက်ပိုင်း မေလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ်သို့ရောက်ရှိနိုင်သည့် အဓိကကျသည့် မြို့ပတ်လမ်းကျယ်တစ်နေရာအပါအဝင် ဘီးလင်းအမြောက်တပ်အနီးရှိ ရွာချင်းဆက်လမ်းပိုင်းများအား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လောလောဆယ်သိထားရတာက ဘီးလင်း လက်နက်ကြီးတပ်အနားမှာရှိတဲ့ ရွာချင်းဆက်လမ်း၊ကျိုက်ထို တပ်မ ၄၄ ရောက်မဲ့လမ်း၊ပဲခူးရိုးမပေါ်တက်မဲ့လမ်းတွေကို တပုံစံထဲဖျက်ဆီးထားတာ။ အခြားနေရာတွေလဲ ဆက်လုပ်လာပါလိမ့်မယ်။ ယာဥ်တွေနဲ့ အလုံးအရင်း သာလွန်အင်အားနဲ့ မဝင်လာနိုင်အောင် ဖျက်ဆီးတာပါ။ ယာဥ်တွေနဲ့ ဝင်ပစ်နေတာကို ပိုပိုကြောက်လန့်တာကို ထုတ်ပြတာပါပဲ။” ဟု အသက် ၃၀ ဝန်းကျင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဘီးလင်းမြို့နယ်တွင်လည်း မေလ ၁၉ ရက်နေ့က ဇီးဝန်းကျေးရွာအခြေစိုက် အမတ ၃၁၄ တပ်ရင်းရှိရာ ဇီးဝန်းကျေးရွာ အနီးရှိ ခရိုင်ချင်းဆက်လမ်းပိုင်းတစ်‌နေရာအား တပ်သားအင်အား ၃၀ ဝန်းကျင်ဖြင့် မြေတူးစက်များဖြင့် လာရောက်တူးဖော် ဖျက်ဆီးသွားကြောင်း ‌သိရသည်။

“ကျိုက်ထိုမြို့နယ် နေရာအတော်များများမှာက ခနခန အလစ်ဝင်တိုက်ခံနေရတာ။ ဒါကြောင့် အဆင်း အတက်၊ သွားလာရေးခက်ခဲအောင် လုပ်လိုက်တဲ့သဘောပါပဲ။ ပြည်သူတွေအတွက်ကတော့ အများစုက ဒီလမ်းတွေ၊ တံတားတွေ ကျော်ဖြတ်ပြီးမှ အလုပ်လုပ်ကိုင်နေရတာ။ တစ်ရွာနဲ့တစ်ရွာ ဖြတ်သန်းသွားလာရေးတွေတော့ ခက်ခဲသွားတာပေါ့။” ဟု ဒေသတွင်းသတင်းများကို ဖော်ပြနေသည့်ကျိုက်ထိုအသံ မှပြောသည်။

စစ်ကောင်စီသည် ကျိုက်ထိုမြို့နယ်တွင် အာရှလမ်းမကြီးနှင့်ချိတ်ဆက်ထားသည့် ဝင်းကလောကျေးရွာအဝင်လမ်းနှင့် ကျိုက်ထီးရိုး‌တောင်ခြေရှိ ကင်းမွန်းချောင်းနှင့် ဆောင်နိုင်ကြီးကျေးရွာ ရွာချင်းဆက်လမ်းအား လုံခြုံရေးအပြည့်ချကာ မြေတူးစက်များဖြင့်လမ်းပိုင်းများအား ကန့်လန့်ဖြတ် မြေတူးဖော်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဒါ့ပြင် ယမန်နေ့ မေလ ၂၁ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီအဖွဲ့ဝင်များမှ ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးရွာနှင့် မဲရုံးကြီးရွာ ကြားရှိ ဂဝံကျောက်ချောလမ်းအား မြေတူးစက်ဖြင့်ထပ်မံဖျက်ဆီးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဓာတ်ပုံ – ကျိုက်ထိုအသံ၊ ပေးပို့
#ကျိုက်ထို #ဘီးလင်း #တပ်မ၄၄ #လမ်း #ဖျက်ဆီးခံရ #စစ်ကောင်စီ #Ayeyarwaddy_Times