ဧရာဝတီတိုင်းမ်
မေလ ၂၂ ရက်
ဧရာ၀တီတိုင်းအတွင်း ၂၀၂၂ ခုနှစ်၊ ဇွန်လမှ ၂၀၂၃ မေလအထိ တောဆင်ရိုင်း ၁၅ ကောင်ထိ သေဆုံးခဲ့တယ်လို့ သစ်တောဦးစီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။
သေဆုံးခဲ့တဲ့ဆင်တွေထဲမှာ ဓမ္မတာအတိုင်း သေဆုံးမှုထက် ဆင်သတ်မုဆိုးတွေလက်ချက်ကြောင့် သေဆုံးတာပိုများတယ်လို့ သစ်တောဦးစီးဌာနနဲ့ နီးစပ်သူတွေကပြောပါတယ်။
“၂၀၂၂ ဇွန်လကနေ ၂၀၂၃ မေလအထိ ၁၂ လ (တစ်နှစ်)အတွင်း တောဆင်ရိုင်းသေဆုံးမှု ၁၅ ကောင် ထိရှိပါတယ်။ ရောဂါဖြစ်ပြီး ဓမ္မတာအရသေဆုံးတာက ၆ ကောင်ဖြစ်ပြီး ဆင်မုဆိုးတွေလက်ချက်နဲ့ အသတ်ခံရတာက ၉ ကောင်အထိရှိပါပြီ”လို့ သစ်တောဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
တောဆင်ရိုင်းများ ရောဂါနဲ့ ဓမ္မတာအရသေဆုံးမှုမှာ ပုသိမ်မြို့နယ်မှာ ၂ ကောင်၊ သာပေါင်းမြို့နယ်မှာ ၄ ကောင် စုစုပေါင်း ၆ ကောင်ဖြစ်တယ်လို့ ဆိုပါတယ်။
ဆင်သတ်မုဆိုးများလက်ချက်နဲ့ သေဆုံးမှုမှာ သာပေါင်းမြို့နယ်မှာ ၅ ကောင်၊ ပုသိမ်မြို့နယ်မှာ ၂ ကောင်နဲ့ ငပုတောမြို့နယ်မှာ ၂ ကောင် စုစုပေါင်း ၉ ကောင်ရှိတယ်လို့ စာရင်းများအရသိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု ငရုတ်ကောင်းတောင်ရွာအနီး မြစ်တစ်ရာကြိုးဝိုင်းအတွင်းဆင်သတ်မုဆိုးများလက်ချက်နဲ့ ဒဏ်ရာရပြီး အဆိပ်သင့်သေဆုံးနေတဲ့ တောဆင်ရိုင်းတစ်ကောင်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ယခင်က ဧရာ၀တီတိုင်းမှာ ဆင်သတ်မုဆိုးများကိုမကြာခဏ ဖမ်းဆီးရမိမှုများရှိပေမယ့် စစ်တပ်အာဏာသိမ်းပြိီးနောက်ပိုင်း တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ဖို့အတွက် တောထဲကို သစ်တောရဲတွေနဲ့ ကင်းလှည့်တာတွေ ယခင်လိုသိမလုပ်နိုင်တော့တာကြောင့် တရားခံတွေကိုဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံအတွင်း သဘာ၀သစ်တောနယ်မြေတွေမှာ တောင်ဆင်ရိုင်း ခန့်မှန်းကောင်ရေ ၂၀၀၀ ကျော်ထိရှိနေပြီး ဧရာဝတီတိုင်းဒေသကြီးမှာ တောဆင်ရိုင်းကောင်ရေ ၅၀၀ ကျော်ရှိပြီးမြန်မာနိင်ငံမှာ တောဆင်ရိုင်း အများဆုံးရှိတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်တယ်လို့ သစ်တောဌာနမှတ်တမ်းများအရသိရပါတယ်။
#ဧရာ၀တီတိုင်း #တစ်နှစ်အတွင်း #တောဆင်ရိုင်း #၁၅ကောင်သေဆုံးခဲ့ #Ayeyarwaddy_Times