ဧရာဝတီတိုင်းမ်
မေလ ၂၁ ရက်

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာမှာအမျိုသမီးနှစ်ဦးကိုသတ်ပြီး ပစ္စည်းလုယက်ကာ အလောင်းတွေဖျောက်ထားတဲ့ ပြစ်မှုကျူးလွန်သူလင်မယား၂ ဦးကို မေ ၂၀ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ပစ္စည်းလုယက်ပြီး အမျိုးသမီး ၂ ဦးကိုသတ်ဖြတ် အလောင်းဖျောက်ခဲ့တဲ့သူတွေဟာ အိမ်နောက်ဖေးနဲ့ သုဿာန်မှာ အလောင်းတွေကို ခွဲမြုပ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“သူတို့သတ်ထားတာ အမျိုးသမီးနှစ်ဦး ဒီနေ့မှ အလောင်းတွေကိုပြန်တူးကြတာ။ တစ်ဦးက သူတို့အိမ်နောက်ဖေးမှာမြုပ်ထားတာ၊ တစ်ယောက်က ဒေါ်ညိမ်းရွာသချိုင်းက မြေကျင်းအဟောင်းထဲမှာမြုပ်ထားတာ လာတူးကြတာရဲတွေရောအများကြီးပဲ”လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

ပြန်လည်တူးဖော်ရရှိတဲ့ အလောင်းတွေဟာ၂၀၂၂ခုနှစ်ကတည်းက လူပျောက်မှုနဲ့အမှုဖွင့်ထားတဲ့ ၊ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းနယ်မြေ၊ သရက်တောကျောင်းလမ်း၊အမှတ် (၃)ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် မသန်းသန်းမြင့် ဆိုသူနဲ့ ဖျာပုံမြို့နယ်၊ ကံစုကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မဇင်မျိုးသူ ဆိုသူတို့ရဲ့အလောင်းတွေဖြစ်တယ်လို့ သိရပါတယ်။

“အဲ့လင်မယားကပထမ အမှုက ၂၀၂၂ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ ငါးလိုက်ရောင်းနေတဲ့ မသန်းသန်းမြင့်ဆိုသူကို ငါး၀ယ်မယ်ဆိုပြီး အိမ်ထဲခေါ်သတ်ပြီး ပစ္စည်းတွေယူ ပြီးနောက်ဖေးမှာမြုပ်ထားတာ ၊ ဒုတိယ အမှုက မဇင်မျိုးသူ ဆိုတဲ့ကောင်မလေးကို သူယောကျားနဲ့ ကြိုက်ခိုင်းပြီး သချိုင်းမှာချိန်းတွေ့ခိုင်းပြီး သတ်ပြီး ပစ္စည်းယူပြီး မြေကျင်းအဟောင်းထဲ ချခဲ့တာ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ကျူးလွန်သူတွေဟာ ဒေါ်ညိမ်းကျေးရွာအုပ်စု ခါးပြတ်ကျေးရွာမှာနေထိုင်တဲ့ မျိုးညွန့်ဆိုသူနဲ့နန်းအေးခမ်းတို့လင်မယား၂ဦးဖြစ်ပြီး လူသတ်အလောင်းဖျောက်မှုများနဲ့ပတ်သတ်ပြီး မေလ ၁၅ ရက်ထဲက ခေါ်ယူ စစ်ဆေးနေတာဖြစ်ပြီး အမှုပေါ်ပေါက်ခဲ့တာလို့သိရပါတယ်။

လက်ရှိမှာလူသတ်၊ အလောင်းဖျောက်၊ ပစ္စည်းယူခဲ့တဲ့မျိုးညွန့်နှင့်နန်းအေးခမ်းတိုနှစ်ဦးကို ဒေါ်ညိမ်းနယ်မြေရဲစခန်းက (ပ) ၂၇/၂၀၂၃ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၂/၂၀၁/ ၃၄ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

#ဖျာပုံမြို့ #အမျိုးသမီးနှစ်ဦးကိုသတ်ပြီး #ပစ္စည်းယူအလောင်းဖျောက်ခဲ့သူလင်မယားကို #၇လကျော်မှဖမ်းမိ
#Ayeyarwaddy_Times