ဧရာဝတီတိုင်းမ်
မေလ ၂၁ ရက်
နိုင်ငံတကာ၌ မိမိနိုင်ငံ မုန်တိုင်းသဘာ၀ဘေးဒဏ်ခံရမည်ဆိုလျှင် သက်ဆိုင်ရာ အုပ်ချုပ်သူအစိုးရများက ပြည်သူလူထု ဘေးကင်းလုံခြုံရန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်လေ့ရှိကြသည်။
မုန်တိုင်းကဲ့သို့သော သဘာ၀ဘေးဒဏ်ရင်ဆိုင်ရမည့် မိမိနိုင်ငံသားများကို မကူညီသည့်အပြင် နည်းမျိုးစုံဖြင့် နှောင့်ယှက်ပိတ်ဆို့ဒုက္ခပေးသော အုပ်ချုပ်သူများကို မြင်တွေ့လိုပါသလား။ ထိုသို့မြင်လိုလျှင် မြန်မာနိုင်ငံကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဟု ၎င်းတို့ကိုယ်ကို နာမည်ပေးထားသော အာဏာသိမ်းစစ်ကောင်စီသည် မိမိကိုယ်ကို အစိုးရဖြစ်ကြောင်း အမြဲတစေ ကြွေးကြော်ခဲ့သည်။
သို့သော် ချင်းပြည်နယ်ရှိ ကိုယ့်နိုင်ငံသား ချင်းပြည်သူများ မုန်တိုင်းဘေးကြောင့် ဒုက္ခရောက်ချိန်တွင် စစ်ကောင်စီသည် ဆက်သွယ်ရေးအတွက် အင်တာနက်နှင့် ဖုန်းလိုင်းများ ဆက်လက်ဖြတ်တောက်ထားခြင်း၊ မုန်တိုင်းအန္တရာယ် ရှောင်တိမ်းရမည့်လမ်းတွေ ပိတ်ဆို့ခြင်းများ ပြုလုပ်ကာ ဒုက္ခပေးခဲ့သည်ဟု မတူပီမြို့နယ်မှ ဒေသခံများက ပြောဆိုသည်။
“ကျေးရွာနေပြည်သူတွေက မုန်တိုင်းဒဏ်ကို ကြောက်ကြတဲ့အတွက် မြို့တွင်းမှာ ဝင်ခွင့်တောင်းဆိုကြပေမယ့် စစ်ကောင်စီက ခွင့်မပြုတဲ့အတွက် မုန်တိုင်းကာလမှာ မိမိရွာမှာပဲ ကြောက်ကြောက်လန့်လန့်နဲ့ ရင်ဆိုင်ခဲ့ကြရတာပါ”ဟု အိန္ဒိယ-မြန်မာ နယ်စပ်ရောက်ရှိနေသည့် မတူပီဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပြသည်။
ချင်းပြည်နယ်တောင်ဘက်ပိုင်းတွင် တည်ရှိသည့် မတူပီ မြို့ပေါ်တွင် လူဦးရေ ၁၃၀၀၀ ကျော်ရှိကာ မြို့နယ် တခုလုံးအနေဖြင့် လူဦးရေ ၅ သောင်းကျော် နေထိုင်ကြသည်။ မတူပီမြို့နယ်အတွင်း ကျေးရွာပေါင် ၅၀ ကျော်ရှိပြီး မြို့နေ လူဦးရေမှာ ၂၅ ရာခိုင်နှုန်းခန့်ရှိ၍ ကျေးလက်နေလူဦးရေမှာ ၇၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ မကွေးတိုင်းအပါအဝင် ပြည်မဒေသဘက်မှ ကုန်သွယ်မှုကို အဓိက အမှီသဟဲပြုရသောဒေသလည်း ဖြစ်သည်။
ကုန်စည်စီးဆင်းမှု အတွက် မတူပီ-ပခုက္ကူ လမ်းကြောင်းကို အဓိက အသုံးပြုကြပြီး ဒေသထွက်ကုန်များထက် ပြည်မ ဘက်မှ တဆင့် ကုန်ပစ္စည်းမျိုးစုံကို တင်သွင်းနေရသော မြို့တစ်မြို့လည်း ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် ယခင်ကာလများနှင့် မတူတော့ဘဲ မတူပီ-ပခုက္ကူ လမ်းကြောင်းအပြင် မတူပီ-ဂန့်ဂေါ လမ်းကြောင်းကိုလည်း အသုံးပြုလာကြရသည်။ ကုန်တင်ယာဉ်အများစုက မတူပီ-ရေဇွာ-ဂန့်ဂေါ လမ်းကြောင်းကို အသုံးပြုကြပြီး မတူပီ-မင်းတပ်-ပခုက္ကူ လမ်းကြောင်းကို ခရီးသည် ယာဉ်များ ရံဖန်ရံခါသာ သွားလာ အသုံးပြုကြသည်။
အာဏာသိမ်းစစ်ကောင်စီသည် မတူပီမြို့နယ်အတွင်း၌ ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ် – CDF မတူပီ တပ်ရင်းများနှင့် တိုက်ပွဲများပြင်းထန်စွဖြစ်ပွားခဲ့သည့်နောက် ၂၀၂၁ ခုနှစ်က အောက်တိုဘာလမှ စတင်၍ မတူပီမြို့၏ အဝင်အထွက် လမ်းများတွင် ကင်းစခန်းနှင့် ဂိတ်စခန်းများချကာ မြို့ကိုဝန်းရံပိတ်ဆို့ခဲ့ပြီး အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ခဲ့သည်။
စစ်ကောင်စီသည် မတူပီမြို့ကိုပိတ်ဆို့၍ ထိန်းချုပ်ထားသလို ဆင်းကတ်ဖြင့်ခေါ်ဆိုရသည့် မိုဘိုင်းဖုန်းလိုင်းများကိုလည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖြတ်တောက်ခဲ့သည်။ ထို့နောက်တွင် တစ်ခုတည်းသောကျန်ရှိသည့် ကြိုးဖုန်း ဆက်သွယ်ရေးလိုင်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်ကောင်စီက ဖြတ်တောက်ပစ်ခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီက လူဦးရေ ၅ သောင်းကျော်ရှိသော မတူပီမြို့နယ်ကို အင်တာနက်၊ မိုဘိုင်းဖုန်း၊ ကြိုးဖုန်းစသဖြင့် မည်သည့်ဆက်သွယ်ရေးမျှ မရှိသော၊ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ထားသည့် သတင်းအမှောင်ကျနေသာ ဒေသတစ်ခုအဖြစ် လုပ်ဆောင်ခဲ့သည်။
“အင်တာနက်လိုင်း ပိတ်တာတော့ ၂ နှစ်နီးပါး ရှိပြီ။ ဖုန်းလိုင်း ပြတ်တာ ၄ လကျော်နေပြီ။ ဒါကြောင့် ပြည်သူတချို့က စစ်ကောင်စီထံ အခကြေးငွေပေးပြီး ကြိုးဖုန်းကို အသုံးပြုခဲ့ကြ ပေမယ့် ကြိုးဖုန်းလည်း မတ်လဆန်းပိုင်း ကနေ အသုံးပြုခွင့် မရတော့ဘူး”ဟု မတူပီမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည်။
မတူပီမြို့တွင် စစ်ဗျူဟာကုန်းရှိပြီး ခလရ ၁၄၀ တပ်ရင်းနှင့် ခမရ ၃၀၄ တပ်ရင်း စသော စစ်ကောင်စီ တပ်ရင်း ၃ ရင်း အထိုင်ချကာ မတူပီမြို့ကို နည်းလမ်းပေါင်းစုံဖြင့် စီမံချုပ်ခြယ် အုပ်ချုပ်နေခြင်း ဖြစ်သည်။ ခမရ ၃၀၄ သည် မတူပီမြို့၏ တောင်ပိုင်းတွင် ရှိပြီး စစ်ဗျူဟာကုန်းလည်း တပ်စွဲထားကာ ခလရ ၁၄၀ မှာ မြို့၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။
“အခုလို ဝန်းရံပိတ်ဆို့ထားတာက သူတို့ (စစ်ကောင်စီ) စစ်ရေးအရ အသာစီးလိုချင်တာရယ်၊ ရိက္ခာတွေ CDF မတူပီဆီ မရောက်စေချင်လို့ ဖြစ်မယ်ထင်တယ်”ဟု မတူပီ ဒေသခံ အမျိုးသား တစ်ဦးက ပြောပြသည်။
အင်တာနက်နှင့် ဖုန်းလိုင်းအားလုံးဖြတ်တောက်ထားသဖြင့် မတူပီဒေသခံများမှာ ပြည်ပ အပါအဝင် တခြားသော ပြည်တွင်းနေ မိသားစု၊ ဆွေမျိုး အသိုင်းအဝိုင်းများနှင့် လုံးဝ အဆက်အသွယ် မရကြတော့ပေ။ စစ်ကောင်စီတပ်က မြို့ကိုပိတ်ဆို့ထားသဖြင့် ကျေးလက်နေပြည်သူများမှာ မြို့ပေါ်သို့ ဆေးကုခြင်း၊ စျေးဝယ်ခြင်း၊ ငွေထုတ်ခြင်း၊ ဘုရားကျောင်းတက်ခြင်းမှအစ မည်သည့်အရာမျှ ပြုလုပ်၍မရတော့ဘဲ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ကြရသည်။
မတူပီမြို့သို့ ကုန်တင်ယာဉ်များ တစ်လတကြိမ်ပင် ဝင်ရောက်နိုင်ခြင်း မရှိတော့သည့် အတွက် ကုန်ပစ္စည်း ပြတ်လပ်မှုလည်း ကြုံတွေ့ခဲ့ပြီး ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကိုလည်း မြို့နယ်တွင်းရှိ ၅ သောင်းခန့်ရှိသော ဒေသခံများ ခံစားခဲ့ကြရသည်။
ယင်းအခြေအနေတွင် ဘင်္ဂလားပင်လယ်အော်၌ “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဆက်စပ်နေသော ချင်းပြည်နယ်တောင်ပိုင်းရှိ မတူပီမြို့နယ်ကိုပါ မုန်တိုင်းဝင်ရောက်မည့်အခြေအနေ ဖြစ်လာသည်။
မိုခါမုန်တိုင်းက ၁ နာရီလျှင် မိုင် ၁၃၀ ကျော်အထိ တိုက်ခတ်မည့် အင်အားအလွန်ပြင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကို ဖြတ်မည့်အခြေအနေ ဖြစ်လာခဲ့သည်။
စစ်ကောင်စီသည် မတူပီမြို့နယ်မှ ကျေးလက်နေပြည်သူများကို မုန်ုတိုင်းအန္တရာယ် ကြိုတင်အသိပေးခြင်းမရှိသလို ရှောင်တိမ်းနိုင်ဖို့ကိုလည်း ကူညီပေးခဲ့ပေ။ ထို့ပြင် မိုခါမုန်တိုင်း ဝင်ရောက်မည့်အခြေအနေမှာပင် အင်တာနက်လိုင်း၊ မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းလိုင်းများကိုလည်း ဆက်လက်ဖြတ်တောက်ထားခဲ့သည်။
အင်တာနက် မရှိ၊ ဖုန်းလိုင်း မရှိသော မတူပီဒေသခံများမှာ ရေဒီယိုလိုင်းများနှင့် ပြည်တွင်း၌ ထုတ်လွှင့်နေသော PSI စလောင်းများမှ DVB၊ Mizzima တီဗီချန်နယ်တို့မှ ရုပ်သံသတင်းများကိုကြည့်ရှုကာ မိုခါမုန်တိုင်းသတင်းများကို ရယူခဲ့ကြပြီး ကြိုတင်ရှောင်တိမ်းမှုများ လုပ်ဆောင်ခဲ့ကြသည်။ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မတူပီကလည်း ဒေသခံများကို မုန်တိုင်းသတိပေးမှုနှင့် ကြိုတင်ပြင်ဆင်ရှောင်တိမ်းခြင်းများ လုပ်ဆောင်ကြရန်လည်း သတိပေးခဲ့သည်။
“စစ်ကောင်စီဌာနဆိုင်ရာတွေက မြို့တွင်းတစ်ခုကိုပဲ မုန်တိုင်းအသိပေးတာ လုပ်ခဲ့တယ်။ ကျန်တဲ့ကျေးရွာတွေမှာတော့ ရေဒီယိုတွေနဲ့ PSI စလောင်းတွေကတဆင့် ကြည့်ရှုနားထောင်ပြီး တိုက်အိမ်တွေမှာ ကြိုတင်ရှောင်ကြတာပါ”ဟု အိန္ဒိယ-မြန်မာနယ်စပ်သို့ ရှောင်တိမ်းလာသူ မတူပီ ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။
ကျေးလက်နေပြည်သူများက မုန်တိုင်းရန်ကြောက်သဖြင့် မတူပီမြို့တွင်းမှ ခိုင်ခန့်သောအဆောက်အဦးများတွင် ခိုလှုံလိုကြသည်။ ထို့ကြောင့် မတူပီမြို့တွင်းသို့ ဝင်ခွင့်ပေးရန် စစ်ကောင်စီတပ်ကို ခွင့်တောင်းသော်လည်း ခွင့်မပြုခဲ့ပေ။
“စစ်ကောင်စီက မုန်တိုင်းအတွက် အသိပေးတာ၊ ကူညီပေးတာ မလုပ်တဲ့အပြင်ကို ကိုယ့်ဘာသာရှောင်ပါမယ်၊ မြို့ထဲ ဝင်ခွင့်ပေးပါလို့ ခွင့်တောင်းတာကို လုံး၀ခွင့်မပြုဘူး”ဟု မတူပီမြို့ခံအမျိုးသားက ပြောပြသည်။
မိုခါမုန်တိုင်းသည် ပညာရှင်များကြိုတင်ခန့်မှန်းသည့်အတိုင်း ရခိုင်ပြည်နယ်၌ ၁ နာရီ မိုင် ၁၃၀ ဝန်းကျင်နှုန်းဖြင့် တိုက်ခတ်ခဲ့သလို ချင်းပြည်နယ်၌လည်း ၁ နာရီ မိုင် ၇၀ ခန့်ဖြင့် တိုက်ခတ်ခဲ့သည်။
အရေအတွက် ၅ သောင်းကျော်ရှိသော မတူပီဒေသခံ ချင်းပြည်သူများမှာ နီးစပ်ရာ တိုက်တာအဆောက်အဦးများတွင် ခိုလှုံရင်း လေဒဏ်မိုးဒဏ်ကြား ကြောက်လန့်စွာဖြင့် မုန်တိုင်းကို ရင်ဆိုင်ခဲ့ကြရသည်။
ဒေသခံအများမှာ ခိုင်ခန့်သောအဆောက်အဦးများ၌ ရှောင်တိမ်းခိုလှုံခဲ့ကြသဖြင့် အသက်ဘေး လွတ်ခဲ့ကြသော်လည်း ၎င်းတို့၏နေအိမ်အများအပြားမှာ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည်။ ဒေသခံများ အဆိုအရ မတူပီကျေးလက်နယ်များမှ ဘုရားကျောင်း၊ စပါးကျီနှင့် နေအိမ်အလုံးရေ ၁၀၀၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“မုန်တိုင်းကြောင့် မတူပီမြို့နယ်က ကျေးရွာတိုင်းလိုလို ထိခိုက်ပျက်စီးတယ်။ အိမ်တွေအပြင် စပါးကျီတွေ၊ ဘုရားကျောင်းတွေပါ ပျက်စီးသွားပါတယ်။ တိုက်အိမ်တွေလောက်ပဲ ကျန်တယ်။ တချို့အိမ်တွေဆို အိမ်အလုံးလိုက်ကို ကျွတ်ပါသွားတာ”ဟု မတူပီမြို့နယ်၊ ဖနိုင်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် မတူပီကျေးလက်ဒေသမှနေအိမ်များ ပျက်စီးခဲ့သလို စစ်ဘေးကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်သလို့ ရွာလုံးကျွတ်ပြောင်းရွှေ့နေထိုင်ကြသော စစ်ဘေးရှောင်စခန်းမှနေအိမ်များအားလုံးနီးပါးမှာလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီသည် မုန်တိုင်းဘေးသင့်ခဲ့သော မတူပီမြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသအဖြစ် ကြေညာခဲ့ခြင်းမှလွဲ၍ မည်သည့်အကူအညီမှ ပေးအပ်ခြင်းမရှိခဲ့ပေ။ ထိုသို့ မကူညီသည့်အပြင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်လက်ဖြတ်တောက်ထားကာ မတူပီမြို့ကိုလည်း ယခင်အတိုင်း ဆက်လက်ပိတ်ဆို့ထားသဖြင့် နေအိမ်ပြန်လည်တည်ဆောက်လိုသော ဒေသခံများမှာ အခက်အခဲများစွာ ကြုံတွေ့နေရသည်။
“မုန်တိုင်းကြောင့် နေအိမ်တွေ ရွာလုံးကျွတ်နီးပါးပျက်စီးကုန်ပြီဆိုတော့ အစားထိုးမယ့် သွပ်တွေမရှိတော့ဘူး။ မြို့ပေါ်မှာတော့ သွပ်ရိုးရိုးတစ်ချပ်ကို နှစ်သောင်းလို့ သိရပါတယ်။ ဒါပေမယ့် ဝယ်မယ်ဆိုလည်း စစ်ကောင်စီတပ်က ပိတ်ဆို့ထားတော့ သွားဝယ်လို့မရပြန်ဘူး”ဟု မတူပီမြို့နယ် ထီစောင်းရွာဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
မေလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်မှ ကစထမှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်တို့ မတူပီမြို့သို့ ရောက်ရှိလာပြီး မိုခါမုန်တိုင်းသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကောင်စီတာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းပေးအပ်ကြောင်း ဟန်ပြဓာတ်ပုံရိုက်ခဲ့ကြပြီး မုန်တိုင်းသင့်ကျေးရွာများကို ကွင်းဆင်းကြည့်ရှုခြင်း မရှိသလို ထောက်ပံ့ပစ္စည်းများလည်း အမှန်တကယ် ပေးအပ်ခဲ့ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
“မတူပီမြို့နဲ့ လိုင်လင်းပီမြို့အတွက် စစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူတွေကို လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့မယ်လို့ ပြောတာပဲ။ မိုးအုံ့ပြီး လေပြင်းတွေ တိုက်လာတဲ့အတွက် အခမ်းအနားတက်ရောက်သူတွေ အကုန်ထွက်ပြေးကုန်တယ်။ ထောက်ပံ့ပစ္စည်းတွေ မပေးအပ်ဘဲ အစီအစဉ်ပျက်သွားပါတယ်။ သူတို့ကတော့ ထောက်ပံ့ပစ္စည်းတွေ ပေးအပ်တဲ့ပုံစံနဲ့ ဓာတ်ပုံတွေ ရိုက်သွားတယ်”ဟု မတူပီမြို့ရှိ အသက် ၅၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပျက်စီးသွားသော နေအိမ်များကို ပြန်လည်ပြုပြင်ရန် အိမ်ဆောက်ပစ္စည်းများအရေးပေါ်လိုအပ်နေပြီး စစ်ကောင်စီ အနေဖြင့် မုန်တိုင်းသင့်ပြည်သူများ မတူပီမြို့အတွင်း ဝင်ထွက်သွားလာခွင့်ပြုရေးနှင့် အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ အမြန်ဆုံးပြန်ဖွင့်ပေးရန် လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
“ပျက်သွားတဲ့ နေအိမ်တွေ ပြန်ပြင်ဖို့အတွက်က သွပ်၊ သံချောင်း၊ အိမ်ဆောက်ပစ္စည်းတွေ လိုအပ်နေပါတယ်။ မြို့ကို ပိတ်ဆို့ထားတော့ ကျေးရွာပြည်သူတွေက ဘာတစ်ခုမှ ဝယ်ယူလို့ မရဘူး။ ဒါကြောင့် ပြန်ပြုပြင်ဖို့ အခက်အခဲ ကြီးကြီးမားမား ကြုံနေကြရပါတယ်။ မိုးဆက်ရွာနေရင် ပြည်သူတွေ တော်တော်ဒုက္ခရောက်ကြလိမ့်မယ်။ ကယ်ဆယ်ရေးလည်းမရှိ၊ ငွေသွင်းငွေထုတ်စနစ်လည်းမရှိ၊ ကုန်တင်ကားအဝင်အထွက်လည်း မရှိသေးတော့ ကျေးရွာခံတွေက ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ အိမ်တွေကို တတ်နိုင်သမျှ ပြင်နေကြရတယ်”ဟု ဖနိုင်ရွာသား ဒေသခံက ဆိုသည်။
မုန်တိုင်းသင့် မတူပီဒေသခံများသည် စစ်ကောင်စီ၏အကူအညီ မရသလို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် – UNDP၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ – UNICEF၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး – UNHCR နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး – UNOCHA စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏အကူအညီ ကိုလည်း လုံး၀ မရရှိကြောင်း ပြောဆိုကြသည်။
“စစ်ကောင်စီက ကိုယ်တိုင်လည်း မကူညီတဲ့အပြင် ပြည်သူတွေ ကိုယ့်အားကိုယ်ကိုး လုပ်မယ်ဆိုတာတောင် ပိတ်ဆို့နှောင့်ယှက်နေတဲ့လုပ်ရပ်က အရမ်းကို ယုတ်မာပြီး တကယ့်ကို လူမဆန်တဲ့လုပ်ရပ်ပါ။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း အခုလိုအရမ်းခက်ခဲနေတဲ့ ချင်းပြည်သူတွေကို ထိထိရောက်ရောက် ကူညီပေးစေ ချင်ပါတယ်။ ချင်းပြည်နယ်က မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးဖြစ်သလို ရာသီဥတုလည်း ကြမ်းတမ်းတာမို့ နေအိမ်တွေ ပြန်ဆောက်နိုင်ဖို့နဲ့ စားနပ်ရိက္ခာက အင်မတန်အရေးကြီးပါတယ်။ အချိန်မီ မကူညီနိုင်ရင် ဒီထက်ပိုပြီး ဆိုးရွားတဲ့ ဒုက္ခတွေ ကြုံတွေ့ကြမှာ ဖြစ်ပါတယ်”ဟု ပြည်ပရောက် ချင်းတိုင်းရင်းသူတစ်ဦးဖြစ်သည့် ဒေါ်ဆွီးအဲင်ပါရ်က ပြောဆိုသည်။
မတူပီဒေသမှ သောင်းနှင့်ချီသော မုန်တိုင်းသင့်ဒေသခံများမှာ အမိုးအကာ၊ အိမ်ဆောက်ပစ္စည်းများ၊ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ အလျင်အမြန် ကူညီပေးစေ လိုကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CDF (မတူပီ)ကလည်း ပြောဆိုသည်။
“လက်ရှိမှာ မုန်တိုင်းကြောင့် ပျက်စီးသွားမှုဒေတာတွေ ကျွန်တော်တို့ ကောက်ခံနေပါတယ်။ အဓိကတော့ ပြည်တွင်းပြည်ပ NGO တွေ စနစ်တကျ ကူညီပေးနိုင်ဖို့အတွက်ပါ။ ပြည်သူလူထုကိုလည်း ကျွန်တော်တို့ တတ်နိုင်တာတွေ ကူညီပေးနေ ပါတယ်။ မုန်တိုင်းသင့်ပြည်သူတွေအနေနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ ကူညီပေးစေချင်ပါတယ်”ဟု CDF မတူပီတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။
(ဆလိုင်းသန့်စင်နှင့် ဆလိုင်းဗန်ရိုးထန် ပူးပေါင်းရေးသားသည်။)
#သတင်းဆောင်းပါး #မတူပီ #မိုခါမုန်တိုင်း #နေအိမ်ပျက်စီးမှု #ချင်းပြည်နယ် #Ayeyarwaddy_Times