ဧရာဝတီတိုင်းမ်
(မတူပီ)၊ မေ ၂၁ ရက်

ချင်းပြည်နယ် မတူပီမြို့နယ်တွင် မိုခါ မုန်တိုင်းသင့် ပြည်သူများ အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က မတူပီ ပြည်သူ့ အုပ်ရေး အဖွဲ့ထံသို့ ငွေ ကျပ် ၁၀ သိန်း ထောက်ပံ့ လှူဒါန်းကြောင်း သိရသည်။

မတူပီ မြို့နယ်တွင် မုန်တိုင်း တိုက်ခတ်မှုကြောင့် ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ စပါးကျီများ အပါအဝင် လူနေအိမ် ၁၀၀၀ ကျော် ပျက်စီးခဲ့ပြီး စားနပ်ရိက္ခာနှင့် အိမ်ဆောက် ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

“လောလောဆယ် အထိတော့ အခြားအဖွဲ့အစည်းကနေ ကမ်းလှမ်းတာ မရှိသေးဘူး။ အမိုးလန်တာ တော်တော်များတယ်။ အိမ် လုံးလုံးပျက်စီးတာလည်း ရှိတယ်။ သွပ်တွေ ဝယ်ယူမယ့် နေရာတွေမရှိဘူး။ အိမ်ဆောက်ပစ္စည်းတွေ အမြန်ဆုံး ကူညီ ပေးမယ် ဆိုရင် အဆင်ပြေတယ်။ ရေရှည်အတွက် စားနပ်ရိက္ခာများလည်း စိုးရိမ်နေရပါတယ်”လို့ မတူပီ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့၊ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဆလိုင်းပါထောင်းက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

မတူပီ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ အနေဖြင့် မုန်တိုင်းသင့် ပြည်သူများအတွက် ပြည်လည် ထူထောင်ရေး လုပ်ငန်းများကို မြေပြင်တွင် တတ်နိုင်သမျှ ဆောင်ရွက်ပေးနေကြောင်း သိရပြီး ဆက်သွယ်ရေး အခက်အခဲရှိသော်လည်း ပျက်စီးမှု အခြေ အနေများကို ဆက်လက် စာရင်းပြုစုနေသည်ဟုလည်း ဆိုသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဧပြီလ ပထမပတ်တွင် မီးရှို့ဖျက်ဆီးခဲ့သော မတူပီမြို့နယ် ကလား ကျေးရွာတွင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ပြန်လည် ဆောက်ထားသော နေအိမ် ၁၅ လုံးလည်း မိုခါမုန်တိုင်းကြောင့် ထပ်မံပျက်စီးသွားကြောင်း သိရသည်။

ဆလိုင်းပါထောင်းက“သူတို့က တပူကနေ နှစ်ပူ ဆက်ဖြစ်နေတယ်။ သူတို့ဆိုရင် တော်တော်လေး ဒုက္ခရောက်နေကြတယ်။ မတူပီက တော်လှန်ရေး ကဏ္ဍမှာလည်း ပါဝင်ခဲ့ပေမယ့် မီဒီယာပိုင်း အားနည်းတဲ့အတွက် လူထုက သိတာနည်းတယ်။ ကျွန်တော်တို့ရဲ့ အခက်အခဲ အခြေအနေကိုလည်း မီဒီယာကတဆင့် ပြောပေးဖို့ တောင်းဆိုချင်တယ်”ဟုလည်း ဆက်လက် ပြောဆိုသည်။

ပျက်စီးသွားသည့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အုံများ၊ စာသင်ကျောင်းများ ပြန်လည်ပြုပြင်နိုင်ရန်နှင့် မုန်တိုင်း ဒဏ်သင့် ပြည်သူများ အတွက် အမိုးအကာပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများအပါအဝင် အခြားအရေးပေါ် အကူအညီများ လိုအပ်မှုအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO/INGO) နှင့် လူမှု အခြေပြု အဖွဲ့အစည်းများ အနေဖြင့် အကူအညီပေးကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ကလည်း မေလ ၁၉ ရက်နေ့ က ထုတ်ပြန်ထားသည်။

မိုခါ မုန်တိုင်းကြောင့် ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့သည် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပြီး ချင်းပြည်နယ်တွင် လက်ရှိ အချိန်အထိ ကယ်ဆယ်ရေး လုပ်ငန်းများ မလုပ်ဆောင်နိုင်သည့် အတွက် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် တတ်နိုင်သမျှ ပြန်လည် ပြုပြင်လျက် ရှိသည်ဟုလည်း ဆိုသည်။

မတူပီသည် စစ်ကောင်စီက သဘာဝ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာထားသည့် ချင်းပြည်နယ် ၄ မြို့နယ်တွင် ပါဝင်သည်။

စစ်ကောင်စီက ချင်းပြည်နယ် ဟားခါး၊ မတူပီ၊ တီးတိန်၊ ပလက်ဝ ၄ မြို့နယ်ကို သဘာဝ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် မေလ ၁၆ ရက်နေ့ ရက်စွဲနှင့် ကြေညာထားသည်။

NUG က မုန်တိုင်းသင့် ပြည်သူများအတွက် အမေရိကန် ဒေါ်လာ ၁ သန်း အသုံးပြုသွားရန် လျာထားကြောင်း သိရပြီး ရခိုင်ပြည်နယ် မုန်တိုင်းသင့် ပြည်သူများအတွက် ကျပ်သိန်းပေါင်း ၁၀၀၀ ခန့် ထောက်ပံ့ လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

မေလ ၁၄ ရက်က မိုခါ ဆိုင်ကလုန်း တိုက်ခတ်မှုကြောင့် နိုင်ငံတဝန်း တိုင်းနဲ့ ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများက လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ လုံး၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၄၀ ပျက်စီးခဲ့ပြီး ဒေသခံ ပြည်သူ ၅၄ ဦး သေဆုံးကြောင်း စစ်ကောင်စီက မေလ ၁၉ ရက်က ထုတ်ပြန်ထားပြီး မေလ ၂၀ ရက်တွင် ရခိုင်ပြည်နယ်တွင်း နေထိုင်သူ ၁၄၅ ဦး သေဆုံးခဲ့ကြောင်းလည်း ထပ်တိုး ထုတ်ပြန်ထားသည်။

#မတူပီ #မုန်တိုင်းသင့် #ပြည်သူများ #NUGကကျပ်၁၀သိန်းလှူ #စားနပ်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်း #အရေးပေါ် လိုအပ်
#Ayeyarwaddy_Times