ဧရာဝတီတိုင်းမ်
မေလ ၂၁ ရက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံပိုင်လုပ်ငန်းတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက မြန်မာစစ်ကောင်စီထံ ဒေါ်လာ ၅၁ သန်း တန်ကြေးရှိ စစ်လက်နက်တွေ ထောက်ပံ့ခဲ့တယ်လို့ ကု လသမဂ္ဂရဲ့ အစီရင်ခံစာတစ်စောင်က ဖော်ထုတ်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံအခြေစိုက် ကုမ္ပဏီ ၂၂ ခုက မြန်မာစစ်တပ်ထံ စစ်လက်နက်အစိတ်အပိုင်း၊ ပစ္စည်းကိရိယာနဲ့ ကုန်ကြမ်းတွေ တင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ တွမ်အန်ဒရူးက ပြော ကြားပါတယ်။
အိန္ဒိယနိုင်ငံက မြန်မာစစ်တပ်ထံ လက်နက်ထုတ်လုပ်တဲ့ပစ္စည်းတွေ ဆက်လက်တင်ပို့နေတာဟာ နိုင်ငံ တကာဥပဒေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ ချိုးဖောက်ရာရောက်တယ်လို့ သူက ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုနောက်ပိုင်း ပြည်ပကနေ ဒေါ်လာ ၁ ဘီလီယံကျော်တန်ကြေးရှိ စစ် လက်နက်တွေနဲ့ ပြည်တွင်းမှာ လက်နက်ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေ တင်သွင်းခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါ တယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြည်ပမှတင်သွင်းတဲ့ စစ်လက်နက်တွေ အသုံးပြုပြီး အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ “The Billion Dollar Death Trade” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို အိန္ဒိယနိုင်ငံက ရှုတ်ချခဲ့ပေမယ့် မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ ဆက်လက်တင်ပို့ခဲ့တယ်လို့ အစီရင်ခံစာ က ဖော်ပြပါတယ်။
တရားမဝင် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက အရပ်သား ၃၅၀၀ ကျော်ကို သတ်ဖြတ်ကာ နိုင်ငံ ရေးအကျဉ်းသား ၂၂၀၀၀ ကို ထိန်းသိမ်းခဲ့ပြီး ပြည်သူ ၁ ဒသမ ၅ သန်းကျော်ကို နေရပ်စွ့န်ခွာထွက်ပြေးစေခဲ့ပါ တယ်။
ကိုးကား – Radio Pakistan
Ref; India’s supply of arms to Myanmar’s military violation of In’l humanitarian law: UN