ဧရာဝတီတိုင်းမ်
မေလ ၂၁ ရက်
ယူကရိန်းနိုင်ငံသို့ ခေတ်မီ F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့မယ်ဆိုရင် အလွန်ကြီးမားတဲ့ အန္တရာယ် တွေ ရှိလာမယ်လို့ ရုရှားက အနောက်နိုင်ငံတွေကို သတိပေးလိုက်ပါတယ်။
ယူကရိန်းသို့ F-16 အပါအဝင် ခေတ်မီဂျက်တိုက်လေယာဉ်တွေ ပေးပို့မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင် ဒင်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တော်မှာပြုလုပ်နေတဲ့ G7 ထိပ်သီးဆွေးနွေးပွဲမှာ စက်မှုဖွံ့ဖြိုးပြီး အင်အားကြီးနိုင်ငံ့ ခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။
“ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့မယ်ဆိုရင် အလွန်ကြီးမားတဲ့ အန္တရာယ်တွေ ရှိလာနိုင် ပါတယ်။ ရုရှားနိုင်ငံက ဒီအစီအစဉ်ကို အလေးအနက်ထား စဉ်းစားပြီး လိုအပ်တဲ့နည်းလမ်းတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်” လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားဂရပ်ရှ်ကိုက ပြောကြားလိုက်ပါတယ်။
ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့ကာ ယူကရိန်းလေယာဉ်မှူးတွေကို လေ့ကျင့်ပေးမယ် လို့ သမ္မတ ဂျိုးဘိုင်ဒင်က G7 ခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။
F-16 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုခဲ့ဖူးပေမယ့် အမေရိကန်နိုင်ငံက အင်တင်တင်ဖြစ်ခဲ့ပါတယ်။ F-16 ဂျက်တိုက်လေယာဉ်တွေဟာ အသံထက်နှစ်ဆမြန်ကာ ဝေဟင်သာမက မြေပြင်ရှိ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ပါတယ်။
“ယူကရိန်းနိုင်ငံက ခေတ်မီဂျက်တိုက်လေယာဉ်တွေရရှိဖို့ အမေရိကန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမိတ်နိုင်ငံတွေနဲ့ ဗြိတိန်က လက်တွဲဆောင်ရွက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အတူရပ်တည်ပါတယ်” လို့ ဗြိ တိန်ဝန်ကြီးချုပ် ရီရှီဆူနတ်ခ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
G20 အဖွဲ့ရဲ့ လက်ရှိဥက္ကဌဖြစ်တဲ့ အိန္ဒိယနိုင်ငံက G7 ထိပ်သီးဆွေးနွေးပွဲမှာ ကိုယ်စားပြုတက်ရောက်နေ သလို ဘရာဇီးနိုင်ငံကိုလည်း ဧည့်သည်အနေနဲ့ ဖိတ်ကြားခဲ့ပါတယ်။
G7 ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းသမ္မတ ဇီလန်စကီး တက်ရောက်မှုက ၂၀၁၄ ခုနှစ် ခရိုင်းမီးယား ကျူးကျော်စစ်ကြောင့် ရုရှားနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့တဲ့ G7 အဖွဲ့ရဲ့ အနောက်မဟာမိတ်နိုင်ငံတွေနဲ့ စည်းလုံးညီညွတ်မှု ပြသတာပဲဖြစ်ပါတယ်။
အခြားနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သြဇာလွှမ်းမိုးဖို့ ရုရှားနဲ့တရုတ်ရဲ့ စီးပွားရေးအရ အကျပ်ကိုင် မှုကိုတန်ပြန်ဖို့ အဖွဲ့သစ်တစ်ခု ထူထောင်မယ်လို့ G7 အဖွဲ့က ကြေညာခဲ့ပါတယ်။
ကိုးကား – The Independent
Ref; Russia warns of ‘colossal risks’ if F-16 fighter jets sent to Ukraine